ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များနှင့် ချိတ်ဆက်မှုရှိသည်ဟုဆိုကာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ ဒေသခံအမျိုးသားလေးဦးကို ယမန်နေ့က ထောင်ဒဏ် ငါးနှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာမှ ကိုထက်ပိုင်(ခ) ကိုမောင်တာ၊ ကိုဌေးလှိုင်၊ ကိုဇော်မျိုးထက် (ခ) ကိုပါထော် ဒေသခံသုံးဦးကို ဖမ်းဆီးထောင်ချခဲ့ကြောင်း အင်းလယ်ကြီးကျေးရွာဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကိုထက်ပိုင်ဆိုတာက ဘာမှမလုပ်ဘူး။ သူက မြစ်ကြီးနားနဲ့ကန့်ဘလူ ကားပြေးတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း တစ်ခေါက်နှစ်ခေါက်တော့ ပြေး(ကားမောင်း)သေးတယ်။ မပြေးတာတော်တော်လေးကြာပြီ။ အဲ့မှာနားထားတဲ့ဟာကိုမှ PDF တွေဘာတွေနဲ့ အဆက်အသွယ်လုပ်တယ်။ PDF လုပ်တယ်ဆိုပြီးမှ သူ့ကိုဖမ်းလိုက်တာပဲ” ဟု ပြောသည်။

ကိုဌေးလှိုင်နှင့် ကိုဇော်မျိုးထက်တို့မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့က ကားဝယ်ရန် မန္တလေးမြို့သို့အသွား ကန့်ဘလူမြို့အဝင်ဂိတ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သူကပြောသည်။

၎င်းတို့နည်းတူ သပြေသာလေးကျေးရွာမှ ကိုတိုက်ညွန့်ဆိုသူကိုလည်း စစ်ကောင်စီတပ်က ကန့်ဘလူမြို့သို့သွားသည့် လမ်းတွင်ဖမ်းဆီးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (ပကဖ) တစ်ဦးကပြောသည်။

“လွန်ခဲ့တဲ့ တစ်လခွဲလောက်က ဖမ်းခံလိုက်ရတာတဲ့။ ဘယ်လိုဖမ်းခံရလဲဆိုတော့ ကန့်ဘလူဘက်သွားတဲ့အချိန်ကို ဆွဲစိခံ(ဖမ်းခံ)လိုက်ရတာတဲ့။ သူက သာမန်ပြည်သူပဲ။ ဘာမှမရှိဘူး။ ဘာမှမဟုတ်ဘူး” ဟုပြောသည်။

အရပ်သားပြည်သူလေးဦးကို စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များနှင့် ချိတ်ဆက်မှုရှိသည်ဟုဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ( ၅၂) ကဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ ရန်ကြီးအောင်ရပ်ကွက်တွင် နေထိုင်သည့် မောင်ခန့်စည်ဟိန်းကို PDF ဟု စွပ်စွဲဖမ်းဆီးခဲ့ကြောင်းသိရသည်။

သတင်း- Yu San

ဓာတ်ပုံ- Fifty Tw၀ news

 

သင့်ထင်မြင်ချက်ရေးပေးပါ