စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) အယောင်ဆောင်ပြီး ခရီးသွားပြည်သူများကို တရားမဝင်ငွေကြေးကောက်ခံခြင်းနှင့် ဖုန်း၊ ဆိုင်ကယ် စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်

ပြီးခဲ့သည့် မတ်လကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက PDF တပ်ဖွဲ့ဝင်များကဲ့သို့ အယောင်ဆောင်ကာ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေသောကြောင့် ခရီးသွားပြည်သူများမှာ PDF တပ်ဖွဲ့ဟု အထင်လွဲမှားနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF) ထောက်လှမ်းရေး တာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“ပြောက်ကျားဝတ်စုံနဲ့ သူတို့(စစ်ကောင်စီ)ကောက်တာပဲလေ။ ဘက်တံဆိပ်တော့ မပါဘူး။ တချို့ပြည်သူကားတွေဆို စစ်သားမဟုတ်ဘဲ PDF မှတ်လို့ ခရီးသည်ကားတွေက အချိုရည်တွေ၊ ရေသန့်ဘူးတွေ ပစ်ချထားပေးခဲ့တယ်။ မုန့်ဘူးတွေ ပစ်ချထားပေးခဲ့တယ်” ဟုပြောသည်။

PDF အယောင်ဆောင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်းတော်မြို့နယ် မြစ်ကြီးနား- ရွှေဘို ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ ခရီးသည်တင်ကားများ ဖြတ်သန်းလေ့ရှိသည့်လမ်းပိုင်းတွင် စစ်ဆေးလေ့ရှိကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် PDF များ ဝတ်ဆင်လေ့ရှိသည့် အစိမ်းရောင်ပြောက်ကျားဝတ်စုံအပြင် အရပ်ဝတ်အဝတ်အစားများပါ ဝတ်ဆင်လေ့ရှိကြောင်း အင်းတော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အရပ်ဝတ်ဆိုရင် အားကစားဘောင်းဘီအရှည်လေ အဲ့လိုတွေဝတ်လာတာပေါ့။ အထူးသဖြင့် PDF တွေက အစောပိုင်းတုန်းက ယူနီဖောင်းတွေအပြည့်အစုံမရသေးတဲ့အတွက် အားကစားဘောင်းဘီတွေ ဝတ်ပြီးလှုပ်ရှားတဲ့အချိန်တွေ ရှိခဲ့ဖူးတယ်လေ။ အခုက စကစ (စစ်ကောင်စီ)တွေက အဲ့လိုအားကစားဘောင်းဘီတွေပဲ ဝတ်ဆင်လာတော့တာ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အရပ်ဝတ်အဝတ်အစားများ ဝတ်ဆင်လာသည့်အပြင် စစ်ကောင်စီတပ်၏ သေနတ်ဟု မသိအောင် ဖုံးကွယ်ထားသည်ဟု သူက ပြောသည်။

အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ကို PDF များဟု အထင်မှားပြီး စကားပြောသည့် အရပ်သားတစ်ဦးကို ဖမ်းဆီးခံရပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း နတ်မဟုတ်ကြီးကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“PDF တွေလို့ထင်ပြီး သူနဲ့သိတဲ့ တပ်ရင်းက ဘယ်နားမှာနေတာလဲလို့ သွားမေးလိုက်တာလို့ကြားတယ်။ ကျွန်တော်တို့ဆီမှာ KIA၊ PDF တပ်ရင်းတွေက များတော့လေ” ဟုပြောသည်။

ခရီးသွားပြည်သူများအနေဖြင့် အင်းတော်မြို့နယ်အတွင်း ဖြတ်သန်းသွားလာမည်ဆိုပါက သတိထားပြီးသွားလာကြရန်နှင့် မိမိတို့ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းတွင် နိုင်ငံရေးနှင့် ငြှိစွန်းသည့် ဓာတ်ပုံများ၊ စာများရှိပါက ဖျက်ထားကြရန် အင်းတော်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးစာထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များက PDF တပ်ဖွဲ့ဝင်များအယောင်ဆောင်ပြီး ဓားပြတိုက်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

သတင်း – Yu San

ဓါတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ