ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ကြား ယနေ့ နံနက် ခြောက်နာရီခန့်မှစတင်ကာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုးဗြဲမြို့တစ်နေရာသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စီးဖြင့် ယနေ့ နံနက် ၁၀ နာရီခန့်က နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စစ်ရှောင်အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မိုးဗြဲညောင်ဝိုင်းရပ်ကွက်မှာ ကြဲတာလို့ထင်တာပဲ။ ဒီဆည်ရှိတဲ့နားမှာပေါ့။ တိုက်ပွဲလည်းခုလောလောဆယ်ဖြစ်နေတယ်။ မနက်ကတည်းကဖြစ်နေတာ။ ဖယ်ခုံကနေ လက်နက်တွေ လှမ်းထုတာကြားနေရတယ်။ မနက်စောကြီးကနေ ခုထိကို တိုက်ပွဲဖြစ်နေကြတယ်” ဟုပြောသည်။

ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အနီး ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲအ‌ခြေအနေ ပြင်းထန်နေသဖြင့် ပြည်သူများအနေဖြင့် လုံခြုံသည့်နေရာတွင် ပုန်းခိုနေကြရန်နှင့် ဖြတ်သန်းသွားလာခြင်းမပြုသေးရန် ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnMIC) ၏ တာဝန်ခံတစ်ဦးက ပြောသည်။

“မနက်ကတည်းက တိုက်ပွဲပြင်းထန်နေပါတယ်။ လက်နက်ကြီးတွေရော ပစ်ခတ်နေတယ်ပေါ့နော်။ အခြေအနေတွေကတော့ မသိရသေးပါဘူး။ ထိခိုက်မှုတွေကနေ ဝေးအောင် တောထဲမှာရှိလည်း သူတို့က (စစ်ကောင်စီ) လက်နက်ကြီးတွေ ပစ်တာတွေရှိတော့ လုံခြုံတဲ့နေရာတွေမှာ ပုန်းခိုကြဖို့၊ ကျည်ကွယ်တဲ့ နေရာတွေမှာ ပုန်းကြဖို့။ လမ်းသွားလမ်းလာတွေကိုတော့ မသွားကြဖို့ မလုပ်ကြဖို့ပေါ့နော်” ဟု ပြောသည်။

တိုက်ပွဲပြင်းထန်နေသဖြင့် မိုးဗြဲမြို့ကားလမ်းပိုင်း ဖြတ်သန်းသွားလာခြင်းကိုမပြုလုပ်ရန် တော်လှန်ရေးတပ်ဖွဲ့များက ၎င်းတို့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတိပေးကြေငြာထားသည်။

တိုက်ပွဲအတွင်း နှစ်ဖက် အထိအခိုက် ကျဆုံးမှုကို မသိရသေးပါ။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာနှင့်‌ မြောက်စလုံးကျေးရွာကြားတစ်နေရာတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်းသေဆုံးခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – ပုံဟောင်း

သင့်ထင်မြင်ချက်ရေးပေးပါ