စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးလာခဲ့သော ဓါးစာခံ အရပ်သားသုံးဦး ယမန်နေ့နံနက် တစ်နာရီခွဲခန့်က သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်ထားသော အသက် ၂၅ နှစ် နှင့် ၃၀ နှစ်အရွယ်ကြားအရွယ် အမျိုးသားသုံးဦး၏ ရုပ်အလောင်းကို ဖောင်းကတန်ရွာနှင့် မန်ကျည်းတန်းရွာကြားတွင် သေနတ်ကျည်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း Salingyi G-Z Local PDF မှ ကိုမောင်လေးက The 74 Media ကို ပြောသည်။

“တစ်ယောက်က ခေါင်းကြီးကိုပစ်ထားတယ်။ ကျောကနေ ပေါက်သွားတဲ့တစ်ယောက်ရယ်၊ တစ်ယောက်က ဗိုက်နဲ့ ခြေထောက်ကိုပစ်ထားတာ။ လက်ပြန်ကြိုးတုပ်ထားပြီး သတ်ပြီးတော့မှ ဖြည်ထားခဲ့တဲ့အရာပေါ့ဗျာ။ လက်တွေကကုပ်နေတာ။ ရိုက်ထားတဲ့ဒဏ်ရာ အနည်းအကျဉ်းတွေ့ပေမဲ့ကြီး ကြီးမားမားဒဏ်ရာတွေ့ထားတာမရှိဘူး” ဟုပြောသည်။

သတ်ဖြတ်ခံရသည့် အမျိုးသားသုံးဦးသည် မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးကြောင်း Salingyi Border Task Force – SBTF တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

“စစ်ကောင်စီတွေက ရှေ့လမ်းကြောကို မဟုတ်ဘဲနဲ့ နောက်ဘက်ကနေပြီး ရွာတွေဘက်ကိုပြန်သွားကျတော့ ဖောင်းကတန်ရွာနဲ မန်းကျည်းတန်းရွာကြားမှာ သတ်ခဲ့တယ်။ ဘယ်သူဘယ်ဝါဆိုတာ လတ်တလောထိတော့ အတည်မပြုနိုင်သေးဘူးပေါ့” ဟုပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်က ဆားလင်းကြီးမြို့အတွင်းတို့ ဝင်ရောက်သွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ဆားလင်းကြီးမြို့နယ်မှ ပြည်သူတစ်ဦးသည်လည်း ယမန်နေ့က ညောင်ပင်ကြီး-ဆားလင်းကြီး လမ်းပိုင်းရှိ ဒေသအခေါ် ရွှေလှေတံတားအနီးမှာ စစ်ကောင်စီစစ်ကြောင်း၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်းသိရသည်။

သတင်း – Pu Noi Tsawm

ဓါတ်ပုံ – ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု

သင့်ထင်မြင်ချက်ရေးပေးပါ