ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ်တွင် ယမန်နေ့ ညနေ လေးနာရီခန့်က စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းကာ ခြုံတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးပြီး လက်နက်အချို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျောက်ထုမြို့ နှင့် မင်းတပ်မြို့ကြားရှိ လမ်းပိုင်းတစ်နေရာတွင် အင်အား တစ်ရာဝန်းကျင်ခန့်ပါသည့် ကျောက်ထုအမြောက်တပ်မှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း CDF-Kanpetelt (ဝီတိုရီယတပ်ရင်း)မှ တပ်ရင်းမှူးက The 74 Media ကိုပြောသည်။

“ထိတွေ့မှုက မီတာနှစ်ရာမှာပဲဖြစ်တာဆိုတော့ အနီးကပ်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ခုနှစ်ယောက် သေတာသေချာတယ်။ တခြားဒဏ်ရာရတဲ့သူတွေရောရှိတယ်။ သွေးထွက်သံယိုဖြစ်တာဟာတွေလည်းများတယ်။ သူတို့ကို စောင့်ပြီးပစ်ခဲ့တာပါ။ ကျည်အင်အားမလုံတော့ ကျွန်တော်တို့ဘက်က ပြန်ဆုတ်ခဲ့ရတာပေါ့” ဟုပြောသည်။

CDF-Mindat တပ်ဖွဲ့ဝင်တစ်ဦး တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရခဲ့သော်လည်း မစိုးရိမ်ရကြောင်းသူကပြောသည်။

ခြုံခိုတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦး သေဆုံးခြင်း ရှိ၊ မရှိနှင့် ပတ်သက်ပြီး The 74 Media က သီခြားအတည်မပြုနိုင်သေးပါ။

အဆိုပါ တိုက်ပွဲတွင် CDF-Mindat ၊ CDF-Kanpetletနှင့် The Youth Force(Saw,Kyawthu) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီစစ်ကြောင်းမှ ၆၀ မမ ဗုံးသီး တစ်လုံး၊ ၄၀ မမဗုံးသီး တစ်လုံးနှင့် MA ကျည်ဘောက် နှစ်ခုအ ပြင် အခြားဆက်စပ်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၇ရက်နေ့ စစ်ကောင်စီစစ်ကြောင်းကို မင်းတပ်မြို့နယ် တိုက်နယ် (၁)တွင် CDF-MINDAT နှင့် ယောပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးသေဆုံးသွားကြောင်း ထုတ်ပြန်ချက်အရသိရသည်။

သတင်း – Pu Noi Tsawm

ဓာတ်ပုံ – CDF-Kanpetelt

သင့်ထင်မြင်ချက်ရေးပေးပါ