စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် အရပ်သားအမျိုးသားငါးဦး၏ ရုပ်အလောင်းများကို ယမန်နေ့က အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးတွင် တွေ့ရှိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် မံဟဲကျေးရွာမှ ဒေသခံအမျိုးသားငါးဦး၏ ရုပ်အလောင်းများကို မော်လူးမြို့အရှေ့တောင်ဘက် တောတွင်းတစ်နေရာတွင်တွေ့ရှိခဲ့သည်ဟု အင်းတော်ဒေသခံ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ခန္ဓာကိုယ်တွေကို အပိုင်းပိုင်းခုတ်ဖြတ်ထားပြီးတော့ မီးရှို့ထားတာ။ အဲ့လိုတွေ့တာတဲ့။ ဒေသခံတွေ တောထဲသွားရင်းနဲ့ တွေ့ခဲ့တာတဲ့” ဟုပြောသည်။

တပ်မ ၇၇ လက်အောက်ခံ စစ်ကောင်စီစစ်ကြောင်းက အဆိုပါအမျိုးသားငါးဦးကို ဖမ်းခေါ်သွားပြီးနောက် တစ်လအကြာတွင် ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နဘားကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“စစ်ကောင်စီဘက်က တိုက်ပွဲသတင်းတွေ ထုတ်ပြန်တယ်လေ။ တိုက်ပွဲဖြစ်တယ်၊ PDF ငါးယောက်ကျတယ်ဆိုပြီး သတင်းထုတ်ပြန်တာလေ” ဟုပြောသည်။

သတ်ဖြတ်ခံရသူများမှာ မံဟဲကျေးရွာဒေသခံ အသက်၂၅နှစ်အရွယ် ကိုညီညီ နှင့် ကိုလောရှုပ်၊ အသက် ၃၈နှစ်အရွယ် ကိုအောင်မင်းသိုက်နှင့် ကိုနေလင်းထွန်း၊ အသက် ၄၈ နှစ်အရွယ် ကိုဖိုးရှမ်းတို့ဖြစ်ကြောင်း သိရသည်။

မံဟဲကျေးရွာနှင့် ရုပ်အလောင်းတွေ့ရှိသည့် နေရာသည် ခုနှစ်မိုင်ခန့်ကွာဝေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့ကလည်း အင်းတော်မြို့နယ်၊ နတ်မဟုတ်ကြီးကျေးရွာမှ အမျိုးသားရှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ