ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့က တစ်နေကုန်နီးပါး ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

တောင်စလုံးကျေးရွာနှင့် မြောက်စလုံးကျေးရွာအနီးတွင် နမ့်စန်အခြေစိုက် ‌ခြေလျင်တပ်ရင်း (ခလရ -၂၄၇)၊ (ခလရ -၂၄၈) နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnMIC) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“အဲ့နေရာတွေက KNDF၊ KA တွေ ပုံမှန်နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ နေရာတွေပေါ့နော်။ အဲ့မှာ ကျွန်တော်တို့ဘက်ကလည်း နယ်မြေရှင်းလင်းရေးလုပ်ရင်း သူတို့ဘက်ကလည်း လှုပ်ရှားနေတာနဲ့ ထိပ်တိုက်တွေ့ပြီး ခုခံတိုက်ပွဲဖြစ်ကြတာပေါ့။ သူတို့ဘက်ကတော့ အခက်ပါတဲ့ တစ်ယောက်သေတဲ့ထဲပါတယ်လေ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သူက ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲတွင် တော်လှန်‌ရေးရဲဘော်ကျဆုံးမှုများရှိသော်လည်း မည်သူမည်ဝါဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသေးပါ။

ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ကစပြီး တိုက်ပွဲများ ပြင်းထန်နေပြီး ယမန်နေ့ နေ့လယ် တစ်နာရီခန့်က လေယာဉ်သုံးစီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖယ်ခုံစစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့ကတော့ မနက်မိုးလင်းကနေ ညထိကို လက်နက်ကြီး လက်နက်ငယ်သံတွေပဲ တောက်လျောက် ကြားနေရတာ။ ဒီနေ့ကတော့ မကြားရဘူး။ ဖယ်ခုံဘက်မှာရော စစ်ဖြစ်နေတာ ကြာပြီ။ နှစ်လကျော်ကျော်လောက်ရှိပြီ။ လက်နက်ကြီးကတော့ နေ့တိုင်းကြားနေရတယ်” ဟုပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက တောင်ကြီးမြို့နယ် အရှေ့ဘက်ခြမ်းမှ ဖယ်ခုံမြို့နယ်သို့ ထိုးစစ်ဆင်ဝင်ရောက်လာပြီး ဖယ်ခုံမြို့နယ် မြောက်စလုံးကျေးရွာတွင် တပ်စွဲထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ‌ဒေါတမကြီးကျေးရွာအုပ်စုအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များ သွားရောက်တိုက်ခိုက်သည့် သုံးရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – KNIC

သင့်ထင်မြင်ချက်ရေးပေးပါ