အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ချိတ်ပိတ်သိမ်းဆည်းခဲ့သည့်ထဲတွင် လွတ်တော်အမတ်များအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်သက်ဆိုင်သူများ၏ ပိုင်ဆိုင်မှု အများဆုံး ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ယနေ့ ထုတ်ပြန်ချက်အရသိရသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ယခုနှစ် မတ်လ ၃၁ရက်နေ့အထိ စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့သည့် နေအိမ်၊ အဆောက်အဦးနှင့် အကြီးစား ပစ္စည်းစသည့် ပိုင်ဆိုင်မှုပေါင်း အနည်းဆုံး ၇၅၁ ခုရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါချိတ်ပိတ်ခံရသည့် ပိုင်ဆိုင်မှုများမှာ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများနှင့် အရပ်သား ၆၃၆ ဦး၏ ပိုင်ဆိုင်မှုများဖြစ်ပြီး လွှတ်တော်အမတ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ၎င်းအဖွဲ့ချုပ်ကို ထောက်ခံသူ အနည်းဆုံး ၃၀၀ ပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီက သိမ်းဆည်းခဲ့သည့် ပိုင်ဆိုင်မှုများထဲတွင် အမျိုးသားဒီမိုကစီရေအဖွဲ့ချုပ်(NLD) နှင့် ဆက်စပ်ပုဂ္ဂိုလ်များ ၄၇ ရာခိုင်နှုန်းခန့်ပါဝင်ကြောင်း သိရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ထောက်ပံ့သူများနှင့် အဆက်သွယ်ရှိသူများဟု စွပ်စွဲကာ စစ်ကောင်စီတပ်က ချိတ်ပိတ်သိမ်းဆည်းမှု ၁၁၀ခု ရှိကြောင်း AAPP၏ မှတ်တမ်းများအရသိရသည်။

ချိတ်ပိတ်ခံခဲ့ရသည့်ထဲတွင် အိမ်နှင့် တိုက်ခန်း ၆၄၁လုံး၊ ဆိုင်ပေါင်း ၄၂ဆိုင်၊ စီးပွားရေးလုပ်ငန်း ၁၄ခု၊ ခြံ ၁၄ခြံ၊ အဆောက်အဦးနှင့် ရုံးခန်း ၁၂ခု၊ ဆေးရုံနှင့် ဆေးခန်း ၁၀ခု၊ စားသောက်ဆိုင် ခုနှစ်ဆိုင်၊ တည်းခိုခန်း ဟိုတယ် လေးလုံးနှင့် စာသင်ကျောင်း ငါး ကျောင်း၊ ဘာသာရေးအဆောက်အဦးများဖြစ်သည့် ဘုရားကျောင်းတစ်ကျောင်းနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းတို့ ပါဝင်သည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ