စစ်ကိုင်းတိုင်း မုံရွာမြို့တောင်ဘက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ နေ့လယ် နှစ်နာရီခန့်တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့ နတ်လူထိပ်ပန်ရပ်ကွက် ဒေသအခေါ် ရေဦးဆန်ဆိုင်ရှေ့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပေ ၆၀၀ အကွာအဝေးခန့်မှ သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု Aung San Generation အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ဘက်က ပြောက်ကျားပုံစံနဲ့သွားပစ်ခဲ့တာဗျ။ စစ်ကောင်စီအထိုင်ချထားတဲ့နေရာဆိုတော့ ကင်းစောင့်နေတဲ့အချိန် တိုက်ခိုက်ခဲ့တာပေါ့။ သေဆုံးတဲ့သူရှိသလို နှစ်ယောက်သုံးယောက် ထိခိုက်တာတွေလည်းရှိပါတယ်ဗျ။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိဘဲ ပြန်ဆုတ်နိုင်ခဲ့တယ်” ဟုပြောသည်။

စစ်ကောင်စီစစ်ဆေးရေးဂိတ်ပစ်ခတ်ခံခဲ့ရပြီးနောက် အရပ်သားတစ်ဦးမောင်းနှင်လာသော ကားတစ်စီးကို ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲဖြစ်စဉ်အသေးစိတ်ကိုမူ မသိရှိရသေးကြောင်း သူကပြောသည်။

စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသည်ဟု သိရသော်လည်း The 74 Media မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဒေသအခေါ် ရေဦးဆန်ဆိုင် စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် မန္တလေး – မုံရွာကားလမ်းမပေါ်တွင်ရှိပြီး ဖြတ်သန်းသွားလာနေသော ပြည်သူများကို ဥပဒေမဲ့ ငွေကြေးကောက်ခံကာ ရမ်းသမ်းပစ်ခတ်မှုများ မကြာခဏပြုလုပ်လျက်ရှိကြောင်း‌ ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ဆင်ရေးကို Aung San Generation (မုံရွာခရိုင် တပ်ရင်း – ၁၃)၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့နှင့် Golden Eagle Monywa တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့ကလည်း ဒေသအခေါ် ရေဦးဆန်ဆိုင် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့သည်။

သတင်း – Ma Di

Video – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ