စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှ ပြည်သူတစ်ဦး ယနေ့ နံနက် ခုနှစ်နာရီခန့်က စစ်ကောင်စီစစ်ကြောင်း၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်းသိရသည်။

အင်အား ၁၅၀ ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းပိုင်းရှိ ဒေသအခေါ် ရွှေလှေတံတားအနီး ဖြတ်သန်းသွားလာနေသော ပြည်သူများကို ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း Salingyi G- Z Local PDF မှ ကိုမောင်လေးက The 74 Media ကို ပြောသည်။

“ဆိုင်ကယ်တွေ လူတွေမြင်တော့ တွေ့တွေ့သမျှ လိုက်ပစ်တာ။ ပစ်တာတော့ တော်တော်များများပစ်တာ။ သူတစ်ယောက်ပဲထိတာ။ သေသွားတဲ့တစ်ယောက် ဘယ်ရွာကဆိုတာ အတည်ပြုလို့မရသေးဘူး” ဟုပြောသည်။

သေဆုံးသွားသည့် အမျိုးသားတွင် ပေါင်၊ ဝမ်းဗိုက်၊ ရင်အုပ်နှင့် ခြေထောက်တွင် သေနတ်ကျည်ဒဏ်ရာများတွေ့ရှိခဲ့သည့်အပြင် ဓားထိုးသွင်းဒဏ်ရာများလည်းတွေ့ရှိခဲ့ကြောင်း သိရသည်။

ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ပြေးလွှားနေစဉ် နဖူးတွင် သေနတ်ကျည် ရှပ်ထိဒဏ်ရာရရှိခဲ့ကြောင်း တခြားဒေသခံတစ်ဦးက ပြောသည်။

“တစ်ယောက်က ပစ်သတ်ခံရတယ်။ နောက်တစ်ယောက်က ပြေးတော့ ရှပ်ထိပဲထိတာပေါ့နော်။ ရှပ်ထိထိတဲ့လူကိုက ဆေးကုသထားတယ်ဗျ” ဟုပြောသည်။

လက်ရှိတွင် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာပေါင်း ၁၅ ရွာခန့် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ငွေသာရွာအနီး စစ်ကောင်စီစစ်ကြောင်းကို PDF မဟာမိတ်များ စုပေါင်းတိုက်ခိုက်စဉ် ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် ခုနှစ်ဦး ကျဆုံးခဲ့သည်။

သတင်း – Pu Noi Tsawm

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ