စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမျိုးသားတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ပြီး လိင်အင်္ဂါကိုဖြတ်ကာ ပါးစပ်အတွင်း ထိုးသွင်းထားခဲ့မှု ယမန်နေ့ နေ့လယ် နှစ်နာရီခန့်က စစ်ကိုင်းမြို့နယ် အနောက်ဘက်ခြမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီပဲယင်းကွဲကျေးရွာရှိ အိမ်ခြေ ၅၃ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဆိုပါကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးကို ခေါင်းဖြတ် သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်ဟု လင်းယုန်နက် SGG အဖွဲ့၏ တာဝန်ခံက The 74 Media ကိုပြောသည်။

“သူက ရွာထဲမှာ ပုန်းနေတဲ့အချိန် စစ်ကောင်စီဘက်က မိသွားတာပါဗျ။ ပြီးတော့ ခေါင်းဖြတ်သတ်ပြီး သူ့ရဲ့ ငယ်ပါကိုရော ဖြတ်။ ဖြတ်ပြီးတော့ ပါးစပ်ထဲထည့်သွားတာပါဗျ။ ကိုယ်နဲ့ ခေါင်းနဲ့က တခြားစီတွေ့ရတာပါဗျ။ ဓားစာခံ ဖမ်းခံရတဲ့ လူတွေရော ရှိသေးပါတယ်ဗျ။ တချို့လူတွေကို ပြန်လွတ်တယ်။ တချို့လူတွေကိုတော့ ပျူရွာထဲထိဖမ်းခေါ်သွားတာဗျ” ဟုဆိုသည်။

သတ်ဖြတ်ခံခဲ့ရသော အမျိုးသားမှာ အသက် ၄၄ နှစ်အရွယ် ကိုထွန်းထွန်းဖြစ်ကြောင်း သူကပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့မှစပြီး အင်အား ၁၀၀ ခန့်ပါရှိသော စစ်ကောင်စီစစ်ကြောင်းသည် စစ်ကိုင်းမြို့နယ် အနောက်ဘက်ခြမ်းရှိ အင်းစကျေးရွာ၊ တောင်ကြားကျေးရွာ၊ မူးသာကျေးရွာ၊ တောင်မြို့ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ရွာထောင်ကျေးရွာနှင့် ဒီပဲယင်းကွဲကျေးရွာရှိ နေအိမ်စုစုပေါင်း ၅၀၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သူကပြောသည်။

အင်းစကျေးရွာရှိ နေအိမ် ၂၈၈ လုံး၊ တောင်ကြားကျေးရွာရှိ နေအိမ် ၁၀ လုံး၊ မူးသာကျေးရွာရှိ နေအိမ် ၄၉ လုံး၊ တောင်မြို့ကျေးရွာရှိ နေအိမ် ၁၆ လုံး၊ ရွာသစ်ကျေးရွာရှိ နေအိမ် ၃၇ လုံး၊ ရွာထောင်ကျေးရွာရှိ နေအိမ် ၅ လုံး နှင့် ဒီပဲယင်းကွဲကျေးရွာရှိ နေအိမ် ၅၃ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့တွင် ချောင်းဦးမြို့နယ် တောင်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ကျေးရွာပေါင်း ၃၀ ရှိ ‌ဒေသခံ သုံးသောင်းခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ စစ်ကိုင်းမြို့နယ်တွင် ကျေးရွာစုစု‌ပေါင်း ၈၁ ခုရှိပြီး အိမ်ထောင်စုအရေအတွက် ခြောက်သောင်းကျော် နှင့် လူဦးရေစုစုပေါင်း သုံးသိန်း ခန့်ရှိသည်။

သတင်း – Ma Di

ဓါတ်ပုံ – လင်းယုန်နက် SGG

 

သင့်ထင်မြင်ချက်ရေးပေးပါ