ထီးချိုင့်မြို့နယ်၊ ဖုန်ကုန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား သုံးရက်တာဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရသည်။

ဖုန်ကုန်းကျေးရွာအနီး ယမန်နေ့က ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာသည့် ဓါးစာခံဖြစ်သော ညောင်ပင်သာကျေးရွာဒေသခံ အမျိုးသားတစ်ဦးထံမှ သိရှိရကြောင်း ထီးချိုင့်ဒေသခံ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ကျည်တွေလည်းမရှိတော့ဘူးတဲ့။ စစ်ကောင်စီတွေကလည်း တအားသေတာတဲ့။ နောက်ပြီးသူ(ဓါးစာခံ)နေတဲ့ တပ်စိတ်ထဲတင်ကို တအားသေတယ်တဲ့ ” ဟုပြောသည်။

ဓါးစာခံအဖြစ်မှ ထွက်ပြေးလွတ်မြောက်လာသူ၏ မြင်တွေ့ချက်အရ တိုက်ပွဲတွင် စစ်ကောင်စီဗျူဟာမှူး ရင်ဘတ်ကျည်ထိမှန်ခဲ့ပြီး ယမန်နေ့ ညနေက ရဟတ်ယာဉ်ဖြင့် လာရောက်သယ်ဆောင်သွားသည်ဟုဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်သေဆုံးသည်ဟု ကနဦးသိရှိရသော်လည်း The 74 Media အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အဆိုပါစစ်ကောင်စီတပ်သည် ယနေ့ နံနက် ရှစ်နာရီခန့်မှစပြီး ဖုန်ကုန်းကျေးရွာနှင့် တောမကျေးရွာကို ထပ်မံမီးရှို့နေကြောင်း ထီးချိုင့်ဒေသခံ အမျိုးသမီးကဆက်ပြောသည်။

“မီးခိုးတွေမှောင်နေပြီပေါ့။ မီးခိုးတန်းရဲ့အင်အားကတော့ ဖုန်ကုန်း(ရွာ)ကတော့ မဲချိတ်နေတာပဲ။ ဘာလို့ဆို တစ်ရွာလုံးကို ပတ်ချာလည်ပြီး ဝိုက်ရှို့ရှို့နေတာဆိုတော့လေ” ဟုပြောသည်။

ထိုစစ်ကြောင်းသည် ယမန်နေ့က ဖုန်ကုန်းကျေးရွာချောင်းတစ်ဖက်ကမ်းရှိ တောမကျေးရွာကို မီးရှို့ခဲ့သည့်အတွက် နေအိမ်အလုံး ၃၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ဧပြီလ ၂၂ ရက်နေ့က ထီးချိုင့်မြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)ပါဝင်သည့် ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

တိုက်ပွဲသုံးရက်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များပြားခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားသည့်နေရာ အနီးတစ်ဝိုက်တွင် ယမန်နေ့က တိုက်လေယာဉ်ဖြင့် ခုနှစ်ကြိမ်လာရောက်ပစ်ခတ်သည့်အပြင် ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) တစ်ဦးကပြောသည်။

“တော်တော်များများကျတယ်ပြောတယ်။ အဲ့တာကြောင့် ထောက်ပို့လေယာဉ်တွေနဲ့ လာသွားတယ် ဟတ်စကီးနဲ့။ တိုက်လေယာဉ်က အပေါ်ကဝဲပေးတယ်” ဟုပြောသည်။

တိုက်ပွဲအတွင်း ထီးချိုင့်ပြည်သူ့ကာကွယ်‌ရေး ပူးပေါင်းတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း ထိခိုက်မှုရှိသော်လည်း ကျဆုံးသူမရှိကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ဖုန်ကုန်းကျေးရွာ အနီးတစ်ဝိုက်ရှိ ကျေးရွာရှစ်ရွာမှ ဒေသခံပြည်သူ သုံးထောင်ကျော်မှာ စစ်ကြောင်းလွတ်ရာနေရာများတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ကျေးရွာအုပ်စု ၂၉ စု ရှိပြီး ကျေးလက်အိမ်ထောင်စု နှစ်သောင်းခြောက်ထောင်ကျော် ရှိကြောင်းသိရသည်။

သတင်း- Yu San

 

သင့်ထင်မြင်ချက်ရေးပေးပါ