KIA-kia

ဖားကန့်မြို့နယ်၊ မှော်ရှန်ကျေးရွာနှင့် မှော်ပုံကျေးရွာကြားတွင် ယနေ့ နံနက် ၇ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

ကံဆီးကျေးရွာ ဒေသအခေါ် ဒညင်းကုန်းမှ ဆင်းလာသည့် အင်အား ၁၀၀ ခန့်ပါရှိသော စစ်ကောင်စီစစ်ကြောင်းကို ဥရုဒူဘိုင်းစားသောက်ဆိုင်အနီးရှိ မှော်ပုံချောင်းတွင် KIA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဥရုဒူဘိုင်းနားက ရေချောင်းကနေဆင်းလာခဲ့တဲ့အခါမှာ တွယ်ထည့်ပေးလိုက်တာတဲ့။ သူတို့(စစ်ကောင်စီ) က ချောင်းအတိုင်းဆင်းလာတာ။ အဲ့မှာကြားဖြတ်ပေးတာ။ ပြည်သူလူထုတွေနဲ့ ဒီမနက်အစောကြီးထွက်လာခဲ့တာ။ အခုလည်း ငြိမ်လိုက်ဖြစ်လိုက်ဖြစ်နေတုန်း။ အထိအခိုက်က လောလောဆယ်တော့ မကြားရသေးဘူး။ ဖြစ်နေဆဲဆိုတော့” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က မဇွပ်ယာန်အကျဉ်းထောင်မှ လက်နက်ကြီးဖြင့် ပစ်ကူခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“PDF ကောင်တွေကို လှမ်းမေးကြည့်တဲ့ အချိန်ကြတော့ သူတို့နဲ့ စစ်တပ်နဲ့ ဖြစ်ကြတာတဲ့။ ဆန်ခါက လူတွေကတော့ ဒီဘက်ကိုပြေးခဲ့ကြတာဘဲ” ဟုပြောသည်။

တိုက်ပွဲနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများက အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရပ်ကွက်နေ အခြားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးသံတွေကော ရွာမှာရှိတဲ့သူတွေကတော့ တခြားရွာဘက်အကုန်ပြေးနေကုန်ကြပြီ၊ သေတာတော့ရှိမှာ နှစ်ဖက်အကြိတ်အနယ်ပစ်နေတာဆိုတော့လေ။ လုံးခင်းဘက်မှာတွေလည်း ဈေးဆိုင်တွေ၊ အိမ်တွေအကုန်ပိတ်ထားကြပြီ” ဟုသူကပြောသည်။

စစ်ကောင်စီစစ်ကြောင်း မှော်ပုံကျေးရွာနှင့် ဆန်ခါကျေးရွာကို ဝင်ရောက်စီးနင်းခဲ့သည့် ဧပြီလ ၂၁ ရက်နေ့က ဒေသခံပြည်သူများကို အခြားကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ရန် ပြောဆိုထားကြောင်း ရပ်ကွက်နေဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“တခြားရွာမှာသွားနေဖို့တော့ပြောထားတယ်။ ဒီဘက်ကို သူတို့ ခဏခဏလာမယ်တဲ့ ပြောထားတဲ့ကြားကမှ မပြောင်းရင် အသက်တွေကိုအာမ မခံဘူးတဲ့” ဟုသူကပြောသည်။

ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံပြည်သူများရှိသော်လည်း အချို့မှာ ကျေးရွာအတွင်းရှိ ကတုတ်ကျင်းတွင် ပုန်းခိုနေကြကြောင်း ဒေသခံများပြည်သူများထံမှသိရသည်။

မရှီကထောင်ရပ်ကွက်ရှိ Happy KTV တွင် ဧပြီ ၂၃ ရက်နေ့ကလည်း KIA က ပစ်ခတ်ခဲ့သဖြင့် စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် လာရောက်ပျော်ပါးနေသူ ငါးဦးသေဆုံးခဲ့ပြီး ယမန်နေ့ကလည်း KPDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် အမည်မသိအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲကြောင်းသိသည်။

သတင်း – Nan Non, SK

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ