ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) က ၂၀၂၁ ခုနှစ်တွင် ယုဇနကုမ္ပဏီထံမှ ပြန်လည်သိမ်းယူခဲ့သည့် တနိုင်းလီဒိုလမ်းမပေါ်ရှိ မြေယာများကို မြေယာလက်ဝယ်ထားရှိသူအချို့က စစ်ရှောင်ပြည်သူများထံခွဲဝေပေးရန် ငြင်းဆိုနေကြောင်း ဒေသခံများထံမှ သိရသည်။

ဝါရာဇွပ်ကျေးရွာအနီးရှိ မြေဧကခြောက်သောင်းခန့်ကို KIO မှ တာဝန်ရှိသူအချို့နှင့် လုပ်ငန်းရှင်အချို့ကရယူထားကြပြီး စစ်ရှောင်များနှင့် ဒေသခံတောင်သူများကို မြေယာခွဲဝေပေးရန် ငြင်းဆိုနေကြသည်ဟု ဝါရာဇွပ်ကျေးရွာ မြေယာစီစစ်ခွဲဝေရေးကော်မတီ၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကို ပြောသည်။

“ယုဇနတွေထွက်သွားတဲ့နောက် အဲ့ဒီနေရာမှာ တပိုင်တနိုင် လယ်ပြန်လုပ်နေတဲ့ ဒေသခံတွေရဲ့ မြေတွေကိုလည်း လိုအပ်တဲ့သူအကုန်လုံးကို ညီညီမျှမျှ ပြန်ခွဲပေးဖို့ သိမ်းလိုက်တယ်။ ဒါပေမဲ့ ဆလန်ကဘာတွေ၊ ဒူကဘာတွေ၊ လောပန်းကြီးတွေက ဧကရာချီယူထားပြီးတော့ ကော်မတီတွေ မြေယာခွဲပေးမယ်ဆိုရင် သဘောမတူကြဘူး။ လောပန်းမတစ်ယောက်ရဲ့ မြေသွားတိုင်းတော့ ဌာနချုပ်ကို ပြောထားပြီးပြီ၊ ဌာနချုပ်နဲ့ ညှိနှိုင်းပြီး လုပ်တာ လို့ပြောလာတယ်။ တချို့ကြတော့ တနိုင်းခရိုင်ရုံးတွေမှာ စာတင်ပြီး ကန့်ကွက်တာတွေ လုပ်လာတာ” ဟု သူက ပြောသည်။

ဝါရာဇွပ်ကျေးရွာတွင် လာရောက်အခြေချနေထိုင်သူများ၊ စစ်ရှောင်ပြည်သူများနှင့် လယ်ယာမြေမရှိသော ဒေသခံများကို KIO ၏ စီမံချက်ဖြင့် တစ်အိမ်ထောင်လျှင် ငါးဧကစီခွဲဝေပေးရန် ယမန်နှစ်က စီစဉ်ခဲ့သော်လည်း ယခုနှစ် ဧပြီလမှစတင်ကာ မြေတိုင်းတာခြင်းနှင့် ခွဲဝေခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သူကပြောသည်။

လာရောက်ပြောင်းရွှေ့နေထိုင်သည့် အိမ်ခြေ ၆၀ ကျော်ကိုလည်း KIO ဗဟိုညွှန်ကြားချက်ဖြင့် မြေယာစီစစ်ခွဲဝေရေးကော်မတီထံ တစ်ဧကလျှင် နှစ်ထောင်ကျပ်ဖြင့် စာရင်းပေးသွင်းစေပြီး ယခုနှစ်တွင် လယ်ယာလုပ်ငန်း လုပ်ကိုင်နိုင်ရန် စီစဉ်ခွဲဝေပေးနေကြောင်း သိရသည်။

ဆလန်ကဘာဆိုသည်မှာ KIO အုပ်ချုပ်ရေးအရာရှိဖြစ်ပြီး ဒူကဘာဆိုသည်မှာ ကချင်လွတ်မြောက်ရေးတပ် (KIA) မှ ဗိုလ်မှူးနှင့်အထက်ရာထူးရှိသူများကို ဂျိန်းဖော့ဘာသာဖြင့် ခေါ်ဆိုသည့် အသုံးအနှုန်းဖြစ်သည်။

ယုဇနကုမ္ပဏီ ဖောက်လုပ်ထားသော ဝါရာဇွပ် – နန့်ယား သွားရာလမ်း တစ်ဖက်တစ်ချက်ရှိ အိမ်ထောင်စု ၂၁ စုက တပိုင်တနိုင် လယ်ယာလုပ်ကိုင်နေသော မြေဧက ငါးရာကျော်ကိုသာ မြေယာခွဲဝေရေးကော်မတီကသိမ်းယူပြီး စစ်ရှောင်များအတွက် တိုင်းတာခွဲဝေပေးထားသောကြောင့် မျှတမှုမရှိကြောင်း လယ်ယာမြေ သိမ်းဆည်းခံခဲ့ရသည့် အမျိုးသားတစ်ဦးက ပြောသည်။

“အိမ်မှာမွေးထားတဲ့ ကြက်၊ ဝက်၊ နွားတွေရောင်းပြီး ခြုံတွေရှင်းထားတဲ့ မြေနေရာကို စစ်ရှောင်တွေကို ခွဲဝေပေးတယ်။ လယ်ယာမြေပိုင်ရှင်တွေရှိနေတာတောင် မေးမြန်းတာတွေမလုပ်ဘဲနဲ့ တခါတည်းတိုင်းပြီး သိမ်းယူလိုက်တာ။ သူတို့ ကေအိုင်အေဘက်က ဗိုလ်ကြီးတွေ၊ ဆလန်ကဘာတွေ၊ ပင်စင်ယူထားတဲ့ ဝန်ထမ်းဟောင်းတွေဆိုတာ အကုန်လုံးသူဋ္ဌေးတွေပဲ။ သူတို့ရဲ့ ဧကရာချီရှိတာကို ဘယ်လိုလုပ်မလဲ မသိဘူး။ ဘာမှမပြောဘူး” ဟုပြောသည်။

မြေယာသိမ်းဆည်းခံရသူများမှာ အခြားလယ်ယာမြေများလည်း ပိုင်ဆိုင်ထားပြီး ယုဇနမြေနေရာတွင် နေရာချဲ့ထွင်ခြင်းဖြစ်ကာ မြေယာပြန်လည်ခွဲဝေပေးရာတွင်လည်း တစ်အိမ်ထောင်လျှင် ငါးဧကစီ ပြန်လည်ခွဲဝေပေးမည်ဖြစ်ကြောင်း မြေယာစိစစ်ခွဲဝေရေးကော်မတီ တာဝန်ရှိသူက ဆက်ပြောသည်။

“KIO အစိုးရတွေ ယုဇနဝင်း ဖျက်ဆီးပြီးတဲ့နောက် မြေနေရာယူပြီး လုပ်နေတဲ့သူတွေက အရင်ကတည်းက လယ်ရှိပြီးသားသူတွေပဲ။ လယ်ရှိပြီးသားဆိုပေမယ့် အဲ့ဒီနေရာမှာ လုပ်နေရင်းတန်းလန်းဆိုတော့ လယ်ရှိတဲ့သူကိုလည်း ငါးဧက ပြန်ပေးတယ်၊ တခြားပြန်လုပ်ပေးတာတော့ မရှိဘူး” ဟုပြောသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ‌ မြေယာစီစစ်ခန့်ခွဲရေးတာဝန်များကို တနိုင်းမြို့နယ်၊ KIA တပ်မဟာ (၂) နှင့် သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့က တိုက်ရိုက်ကြီးကြပ်နေကြောင်း ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဗဟိုကတော့ ဘာမှ မစီမံဘူး၊ တနိုင်းမြို့နယ်ဘက်က အုပ်ချုပ်ရေးတွေကို တာဝန်ပေးထားတာရှိတယ်။ ဘယ်ဟာက ဘယ်လူကြီးရဲ့မြေဆိုတာ ကျွန်တော်တို့က သိပေးတာကမဟုတ်။ တရားဝင် ကျွန်တော်တို့ ဗဟိုကဆုံးဖြတ်တာကို လက်မခံဘူးဆိုပြီး တိုင်ကြားလာရင်တော့ ဘယ်လိုလုပ်မယ်ဆိုတာ ရှိပါတယ်” ဟု သူက ပြောသည်။

မြေယာခွဲဝေရေးကော်မတီက ဝါရာဇွပ်ကျေးရွာတွင် အခြေချနေထိုင်သူများကိုသာ မြေခွဲဝေပေးမည်ဖြစ်ပြီး ရရှိထားသောမြေတွင် သုံးနှစ်ဆက်တိုက် လယ်ယာလုပ်ကိုင်သူများကိုသာ KIO ၏ လယ်ယာမြေ ပိုင်ဆိုင်ခွင့်လက်မှတ်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ယုဇနကုမ္ပဏီ ထွက်ခွာသွားပြီးနောက် နောင်းမီ – ဝါရာဇွပ်ကျေးရွာကြားရှိ မြေနေရာများကို စိုက်ပျိုးမြေအဖြစ် သတ်မှတ်ကာ ဒေသခံတောင်သူများထံမှ သိမ်းဆည်းထားပြီး ဝါရာဇွပ် – ဘန်ကောက်ကျေးရွာကြားတွင်လည်း ရွာတည်ရန် မြေဧက ငါးရာခန့် သိမ်းဆည်းထားကြောင်း မြေယာခွဲဝေရေးကော်မတီထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် ဦးသန်းရွှေ စစ်အစိုးရလက်ထက်တွင် တနိုင်းလီဒိုလမ်းမပေါ်ရှိ နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ်၊ အောင်ရာ၊ ဘန်ကောက်၊နမ်ဖြတ်၊ နောင်းလုံကောင်ရာ၊ တိန်းကောက် အပါအဝင် ကျေးရွာ စုစုပေါင်း ၂၅ ခုမှ မြေဧကလေးသိန်းကျော်ကို ယုဇနကုမ္ပဏီက ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လက ဘန်ကောက်ကျေးရွာတွင် အခြေစိုက်ထားသော ယုဇနကုမ္ပဏီဝင်းကို KIA တပ်ဖွဲ့ဝင်များ ဘက်ဟိုးများဖြင့် နှစ်ကြိမ်ထက်မနည်း သွားရောက်ဖျက်ဆီးခဲ့ပြီး ဧပြီလတွင် ယုဇနကုမ္ပဏီ အပြီးအပိုင်ထွက်ခွာသွားကာ KIO က ပြန်လည်သိမ်းယူထားသည်မှာ နှစ်နှစ်ခန့် ရှိပြီဖြစ်သည်။

သတင်း – Pan Soon

Photo Credit – Myanmar Peace Monitor

သင့်ထင်မြင်ချက်ရေးပေးပါ