စစ်ကောင်စီတပ်နှင့် ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား ယနေ့နံနက်ဆယ်နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလေကြောင်းမှတိုက်ခိုက်မှုတွင် အချင်းချင်းပစ်ခတ်မိကြောင်း သိရသည်။

မြစ်ကြီးနားလေတပ်နှင့် မန္တလေးလေတပ်မှ ထွက်ခွာလာသည့် တိုက်လေယာဉ်ငါးစီးသည် တိုက်ပွဲဖြစ်ပွားနေသည့် ထီးချိုင့်မြို့နယ်၊ ဖုန်ကုန်းကျေးရွာအနီးတစ်ဝိုက်တွင် လာရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထိမှန်ပြီး ထိခိုက်သူများရှိသည်ဟု ထီးချိုင့်ဒေသခံ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်ခိုက်တဲ့အခါမှာ စစ်ကောင်စီရဲ့နောက်ဆုံးပွိုင့်ကို ပထမမြစ်ကြီးနားကနေဆင်းခဲ့တဲ့ လေယာဉ်က တည်ပြီးတော့မှ ပစ်သွားတာပေါ့နော်။ အဲ့မှာသူတို့ရဲ့နောက်ကင်းကို ထိလိုက်တာပေါ့။ စစ်ကောင်စီတွေကို နောက်ကင်းကိုထိလိုက်တဲ့အချိန်မှာ အခုအထမ်း ငါးထမ်းနဲ့အတူ ဖုန်ကုန်းရွာထဲကို ဝင်သွားပြီ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှု ရှိ၊ မရှိကို The 74 Media အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

တိုက်ပွဲဖြစ်ပွားသည့်အနီးတစ်ဝိုက်တွင် တိုက်လေယာဉ်များဖြင့် ဗုံးကြဲခဲ့ပြီးနောက် လေယာဉ်ပစ်လက်နက်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ)တစ်ဦးက ပြောသည်။

“ဗုံးရော၊ လေယာဉ်ပစ်လက်နက်တွေနဲ့ရောပေါ့လေ။ အလုံးကတော့မရေနိုင်ဘူးပေါ့လေ။ ပြင်းတာတော့ပြောမနေနဲ့။ မြေကြီးတောင်တုန်တယ်”ဟုပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့မှစပြီး ထီးချိုင့်မြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)ပါဝင်သည့် ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲသုံးရက်မြောက်နေ့တွင် တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုများရှိသည်ဟု သိရှိရသော်လည်း မည်မျှထိခိုက်သည်ကိုမူ The 74 Media က မသိရှိရသေးပါ။

အဆိုပါစစ်ကောင်စီတပ်သည် ယနေ့ နံနက် ကိုးနာရီခန့်က ဖုန်ကုန်းကျေးရွာနှင့် မွန်းတည့် ၁၂နာရီခန့်တွင် တောမကျေးရွာမှ ဒေသခံနေအိမ်များကို မီးရှို့နေကြောင်းသိရပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရှိရသေးပါ။

တိုက်ပွဲများကြောင့် ဖုန်ကုန်းကျေးရွာ အနီးတစ်ဝိုက်ရှိ ကျေးရွာရှစ်ရွာမှ ဒေသခံပြည်သူ သုံးထောင်ကျော်မှာ စစ်ကြောင်းလွတ်ရာနေရာများတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ၃၁ရက်နေ့က ထီးချိုင့်မြို့နယ်၊ အင်းဒေါင်းကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အတွက် အရပ်သားခြောက်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။

သတင်း- Yu San

ဓာတ်ပုံ- စစ်ကောင်စီတိုက်လေယာဉ်များကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

 

သင့်ထင်မြင်ချက်ရေးပေးပါ