ဝိုင်းမော်မြို့နယ်အတွင်းရှိ သစ်သျှူးငှက်ပျောစိုက်ခင်းများတွင် စွန့်ပစ်ပစ္စည်းများဖြစ်သည့် ဖော့နှင့် ပလတ်စတစ်အမှိုက်များကို အမြန်ဆုံးရှင်းလင်းပေးစေလိုကြောင်း ဒေသခံများထံမှ သိရသည်။

ဂေါဆက်ယန်ကျေးရွာအနီးရှိ ငှက်ပျောခြံများက စွန့်ပစ်အမှိုက်များမှထွက်လာသည့် အနံဆိုးများကြောင့် ငှက်ပျောခြံအနီး လယ်ယာလုပ်ကိုင်နေသည့် ဒေသခံများ နေထိုင်ရန်အဆင်မပြေကြောင်း ဂေါဆက်ယန်ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဖြတ်သွားရင် အနံကတော်တော်ဆိုးတယ်၊ ယင်ကောင်ဆိုရင် ပေါသလားမမေးနဲ့။ လေတိုက်လာရင်အနံကလာပြီ။ ကျေးရွာနဲ့ နည်းနည်းဝေးနေလို့တော်သေးတယ်။ ဒါတောင် ငှက်ပျောခြံနားတွေမှာရှိတဲ့ လယ်သမားတွေက ခံနေရတယ်” ဟုပြောသည်။

ထို့အပြင် ငှက်ပျောတင်ဆောင်သောတွဲကားကြီးများမှ ကျလာသည့်အမှိုက်များ ကျေးရွာလမ်းမပေါ်တွင် ပြန့်ကျဲနေကြောင်း သူကပြောသည်။

သစ်သျှူးငှက်ပျောစိုက်ခင်းမှ စွန့်ပစ်ထားသည့် ပလတ်စတစ်အမှိုက်များကို စားသုံးမိသောကြောင့် ဒေသခံများ၏ ကျွဲ၊ နွားများ သေဆုံးမှုများရှိနေသည်ဟု အသက် ၃၅ အရွယ် ဝါးရှောင်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဝိုင်းမော်တစ်လျှောက် နေရာအနှံ့ပဲ၊ ဒီပြဿနာဖြစ်နေတာ။ သူတို့စွန့်ပစ်ထားတဲ့ အမှိုက်ကတစ်ဆင့် မြစ်ချောင်းထဲအရည်ပြန်ဝင်၊ ရေတွေက ဘာမှသုံးလို့မရတော့ဘူး။ အမှိုက်တွေကပုံလာတော့ အခုကလမ်းမကြီးကိုရောက်လာပြီ။ ပလတ်စတစ်အမှိုက်တွေကို တွေ့နေရပြီလမ်းမကြီးတွေမှာ မြင်လို့ကိုမကောင်းဘူး” ဟုပြောသည်။

ငှက်ပျောခြံမှ စွန့်ပစ်အမှိုက်များကို စားသုံးမိခြင်းကြောင့် ယခုအချိန်အထိ ကျွဲ၊ နွားများ အကောင်ရေ ၁၀ကောင်ထက်မနည်းသေဆုံးနေကြောင်း ဒေသခံများထံမှသိရသည်။

အစိုးရအနေဖြင့် ငှက်ပျောခြံပိုင်ရှင်များကို စွန့်ပစ်အမှိုက်များနှင့်ပတ်သက်ပြီး စနစ်တကျစွန့်ပစ်ရန် ဖိအားပေးစေလိုကြောင်း အသက် ၃၅ အရွယ် ဝါးရှောင်ဒေသခံအမျိုးသားကပြောသည်။

“အခုပုံမှာ မြင်ရတဲ့အမှိုက်တွေက ဒီငှက်ပျောခြံတစ်ခုလုံးရဲ့နေရာတစ်ခုမှာပဲရှိသေးတယ်။ နေရာကအကျယ်ကြီးလေ။ ဘယ်လောက်ဆိုးမယ်ဆိုတာတွက်ကြည့်လိုရတယ်။ အခုဟာက ဖြတ်သွားရင်တောင် အနံကမခံနိုင်ဘူး” ဟုပြောသည်။

ဝိုင်းမော်မြို့နယ်သည် တရုတ်သစ်သျှူးငှက်ပျောအများဆုံးလုပ်ကိုင်သည့် မြို့နယ်ဖြစ်ပြီး ဝါးရှောင်၊ ဂေါဆက်ယန်ကျေးရွာနှင့် အနီးရှိကျေးရွာများဖြစ်သည့် ဝေဘာ၊ ဂွေရွတ်ယန်၊ မန်ဝန်း၊ ဆိုင်လောစသည့် ကျေးရွာများတွင်လည်း စိုက်ပျိုးနေသည်ကို တွေ့မြင်ရသည်။

ပလတ်စတစ်သည် ဆွေးမြေ့ပျက်စီးရန် နှစ်ပေါင်းများစွာကြာမြင့်ပြီး နောက်ဆက်တွဲ ပြဿနာအဖြစ် လူသားများ၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်နိုင်သည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ