စစ်ကောင်စီအရာရှိတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်ရှိ Happy KTV အရှေ့တွင် ယနေ့နံနက် ၄ နာရီခန့်က အမျိုးသားနှစ်ဦး ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

သေဆုံးသူအမျိုးသားနှစ်ဦးသည် ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက‌ The 74 Media ကိုပြောသည်။

“ခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးနေတာ နှစ်ယောက်လုံးက အခုဟာက KIA တစ်ယောက် PDF တစ်ယောက်လို့ ကနဦးကြားတာပေါ့။ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ အလောင်းကတော့ ကောက်သွားကြပြီ” ဟုပြောသည်။

အဆိုပါ KTV တွင် ယမန်‌နေ့က စစ်ကောင်စီအရာရှိတစ်ဦးကို KIA တပ်က ပစ်သတ်ခဲ့‌သော‌ကြောင့် လက်တုံ့ပြန်ခြင်းဖြစ်နိုင်ကြောင်း နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။

“မနေ့ကဖြစ်သွားတဲ့ Happy ရှေ့မှာပဲ မနေ့က ပြဿနာနဲ့ ဆက်စပ်ပြီးတော့ (စစ်ကောင်စီ)တွေက မကျေနပ်လို့လုပ်တာနေမှာ။ အဲ့တစ်ယောက်ပဲသိရတာ။ ကျန်တာမသိရသေးဘူး” ဟုပြောသည်။

သေဆုံးသူတစ်ဦးမှာ KPDF တပ်ဖွဲ့ဝင်ဖြစ်သူ ကိုအောင်ကြည်မင်း(ခ) နှုတ်ခမ်းမွှေးဆိုသူဖြစ်ပြီး ကျန်တစ်ဦးမှာ အမည်မသိရှိရကြောင်း သိရသည်။

ကိုအောင်ကြည်မင်းသည် ယမန်နေ့က မဇွပ်ယာန်ကျေးရွာရှိ မနောကွင်းအနီးတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံခဲ့ရသူဖြစ်ကြောင်း သိရသည်။

မရှီကထောင်ရပ်ကွက်ရှိ Happy KTV တွင် ဧပြီ ၂၃ ရက်နေ့ကလည်း KIA က ပစ်ခတ်ခဲ့သဖြင့် စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် လာရောက်ပျော်ပါးနေသူ ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ