KTV တစ်ခုတွင် စစ်ကောင်စီအရာရှိတစ်ဦးနှင့် လာရောက်ပျော်ပါးနေသူများ ပစ်ခတ်ခံရမှု ယနေ့နံနက် ၅ နာရီခွဲခန့်ကဖြစ်ပွားခဲ့ပြီး ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) ၇၆ မှ တပ်ရင်းမှူးအဆင့်ရှိသူတစ်ဦးနှင့် လုပ်ငန်းရှင်များ ဖားကန့်မြို့ မရှိကထောင်ကျေးရွာရှိ KTV တွင် တွေ့ဆုံပျော်ပါးနေချိန် ကချင်လွတ်မြောက်ရေးတပ် (KIA) က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖြစ်စဉ်နှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပျော်ပါးနေတဲ့အချိန် သွားပစ်ပေးတာ။ စစ်ကောင်စီဘက်ကလူကြီးတွေလည်းသေပြီး၊ လောပန်းတွေလည်းသေတယ်။ တပ်ကဗိုလ်ကြီးသေတာကတော့ အတိအကျရတယ်” ဟုပြောသည်။

ပစ်ခတ်ခံရသူများတွင် စစ်ကောင်စီတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးကိုဇော်မိုင်းနှင့်ချစ်သူ မမီးမီး၊ ရဲတပ်ဖွဲ့ဝင်ဟောင်း ကိုလတ်နှင့် ဇနီး၊ ကျောက်စိမ်းလုပ်ငန်းရှင် ကိုဘတုတ်နှင့် ကိုကျော်စိုးတို့ ပါဝင်ကြောင်းသိရသည်။

လက်ရှိအချိန် အဆိုပါ KTV တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်နေရာယူထားပြီး ဆိုင်ပိတ်ထားကာ လူနာတင်ယာဉ်များသာ ဝင်ထွက်သွားလာနေကြောင်း ရပ်ကွက်နေဒေသခံတစ်ဦးကပြောသည်။

“သူတို့ဘာစစ်နေလည်းတော့မသိဘူး။ ယူနီဖောင်းတွေနဲ့အပြည့်ပဲ၊ သူတို့လူထိသွားလို့နေမှာ မှော်ပုံ၊ ဝှေခါဘက်မှာတွေကော သေနတ်ပစ်သံတွေကြားရတယ်တဲ့” ဟုသူကပြောသည်။

စစ်ကောင်စီတပ်က သိမ်းဆည်းထားသောဘက်ဟိုးများကို ပြန်လည်ရရယူရန်ညှိနှိုင်းနေကြချိန် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“သွားတာက ဘက်ဟိုးသိမ်းထားတဲ့ ကိစ္စသွားတာထင်တယ်။ သွားရင်းနဲ့ ပစ်ခံရတာပေါ့။ ဘတ်ဟိုးသိမ်းထားတာကို ကိုဘတုတ်က လိုက်လုပ်ပြီးမှဆောင်ရွက်ပေးတာ” ဟုပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်အကြောင်းအရင်းနှင့်ပတ်သက်ပြီး ဒေသခံများ၏ပြောကြားချက်များကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူတစ်ဦးကို မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်လိုက်ကာ သေဆုံးသူများ၏ရုပ်အလောင်းများကို ဖားကန့်ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာရှိ SKY KTV တွင် ပျော်ပါးနေသည့် စစ်ကောင်စီတပ်ဖွဲဝြင်များကိုလည်း ကေအိုင်အေတပ်ဖွဲ့ဝင်များ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့သည်။

သတင်း – Nan Non, SK

ပုံ – ပစ်သတ်ခံခဲ့ရသည့် စစ်‌ေကာင်စီတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးကိုဇော်မိုင်း

 

သင့်ထင်မြင်ချက်ရေးပေးပါ