စစ်ကောင်စီတပ်က ဖားကန့်မြို့ရှိ အမျိုးသမီးစွမ်းရည်မြင့်တင်ရေး ကွန်ပျူတာသင်တန်းကျောင်းကို ဝင်ရောက်စီးနင်းစဉ် အကြောင်းမဲ့ဖမ်းဆီးသွားသည့် ရုံးစောင့်အမျိုးသားကို တစ်လကျော်ကြာသည်အထိ ပြန်လည်ပေးခြင်း မရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့က ရုံးအဆောက်အဦးကို ဝင်ရောက်ဖျက်ဆီးစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ တရားစွဲဆိုခြင်းမရှိဘဲ ဖားကန့်ရဲစခန်းတွင် ထိန်းသိမ်းခံထားရခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။

“သေနတ်တွေ ပစ်ဖောက်ပြီး အမျိုးသမီးအလုပ်ရုံစောင့်တဲသူကို အဲ့ကတည်းကနေ ဖမ်းခေါ်သွားတာ။ အဲ့နေ့ကစပြီး အခုထိ ဘာပုဒ်မမှမတပ်ဘူး ဒီလိုပဲ ထိန်းသိမ်းထားတာ။ ထွေအုပ်ရုံးကိုသွားပြီး စီမံကောင်စီ ဗိုလ်မှူးကိုမေးရင်လည်း အထက်က အမိန့်ကျလာမှလို့ပဲ ပြောနေတာ” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသူမှာ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ဦးအောင်ဆိုင်းဆိုသူဖြစ်ပြီး စတင်ဖမ်းဆီးချိန်က လယ်ပြင်ယမ်းချက်စက်ရုံတွင် ဖမ်းဆီးထားခဲ့ပြီး ထို့နောက် ဖားကန့်ဗျူယာကုန်းမှတစ်ဆင့် ဧပြီလ ၈ ရက်နေ့က ဖားကန့်ရဲစခန်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း သူကဆက်ပြောသည်။

“သူ့ကိုတော့ ရိုက်နှက်တာတွေ ဘာမှမလုပ်ဘူးတဲ့။ စရဖ(စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့)တွေပဲ သူ့ကို ဘာအလုပ်လုပ်တာလဲ။ ဒီအလုပ်ရုံရဲ့ ခေါင်းဆောင်က ဘယ်သူလဲ။ အလုပ်ရုံမှာ ဘာအလုပ်တွေ လုပ်တာလဲလို့ မေးတယ်။ ရဲစခန်းမှာသွားတော့လည်း ဇနီးကလွှဲပြီး ကျန်တဲ့သူနဲ့မတွေ့ခိုင်းဘူး” ဟုပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များက ရုံးတွင်းရှိ ကွန်ပျူတာကိုးလုံး၊ နံရံတွင် ချိတ်ဆွဲထားသော ကချင်အမျိုးသားအလံ၊ မှတ်တမ်းဓာတ်ပုံများ၊ သင်တန်းသားများလိုက်နာရန် စည်းကမ်းချက် ကားချပ်များကို ဖျက်ဆီး ဖြုတ်ယူသွားသည့်အပြင် ရုံးစောင့်အမျိုးသားနှင့် ဇနီးဖြစ်သူတို့၏ ကိုယ်ပိုင်ဖုန်းနှစ်လုံးကိုလည်း သိမ်းယူသွားကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် ဦးအောင်ဆိုင်း အမြန်ဆုံးလွတ်မြောက်လာရန်နှင့် အမျိုးသမီးစွမ်းရည်မြင့်တင်ရေး သင်တန်းကျောင်းမှလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် ကချင်အမျိုးသားဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၏ တာဝန်ရှိသူများက သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ စာတင်ထားပြီး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့မှတစ်ဆင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံလည်း တင်ပြထားကြောင်း သိရသည်။

ကချင်အမျိုးသား ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Wunpawng Amyusha Zinlum Hpung) သည် ၂၀၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့သော ကိုယ်ထူကိုယ်ထ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဖားကန့်ဒေသရှိ မူးယစ်ဆေးစွဲသူများကို ဆေးဖြတ်ပေးခြင်း၊ ကျောက်စိမ်းအလှဖော်ပညာနှင့် ကွန်ပျူတာပညာသင်ကြားပေးခြင်းများပြုလုပ်ပြီး ၂၀၂၀ ခုနှစ်က အဖွဲ့အစည်းမှတ်ပုံတင်ရရှိထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ကပ်မှော်ဇွပ်ကျေးရွာနှင့် ဆိုင်းဖရာကျေးရွာမှ ကလေး၊ သက်ကြီးရွယ်အိုများအပါအဝင် အရပ်သားပြည်သူ ၅၀ ခန့်ကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံ(မဒဲယာန်) ကျေးရွာမှ ဒေသခံပြည်သူ ၁၀၀ ကျော်ကို ဧပြီ ၂၁ ရက်နေ့ နံနက်ပိုင်းက ရွာအတွင် ဝင်ရောက်စီးနင်းပြီး လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားကာ ထိုနေ့ည ၈ နာရီခန့်ကလည်း လုံးခင်းကျောက်ဝိုင်းနှင့် မှော်စီစာကျေးရွာအနီးရှိ စိန်စိန်ကုမ္ပဏီ၏ မြေစာပုံမှ ရေမဆေးသမားများနှင့် ပြည်သူ ၅၀ ခန့်ကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဖားကန့်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မတ်လတစ်လအတွင်း သတ်ဖြတ်ခံရသူအရေအတွက် ၁၂ ဦးထိရှိခဲ့ပြီး ပြည်သူ ၂၀၀ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ