ဖားကန့်မြို့နယ် လုံးခင်းအုပ်စုတွင် ယနေ့နံနက် ၁၀ နာရီခန့်က စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ပြီး ဒေသခံ ၈၀ ခန့်ကို ဖမ်းဆီးသွားကြောင်း သိရသည်။

အင်အား ၁၀၀ ခန့်ပါရှိသည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းက မလန်းကျေးရွာသို့ ဝင်ရောက်လာပြီး လမ်းသွားလမ်းလာပြည်သူများကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရပ်ကွက်နေဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့ဒီမလန်ရွာထဲဖြတ်သွားတာနဲ့ကိုဖမ်းတာ ဘာမှမေးတာမျိုးမရှိဘူး အကုန်သိမ်းကျုံးဖမ်းတာ။ စစ်ကြောင်းကြီးတယ် သူတို့ဘက်က အင်အားလည်းများတယ်။ လက်နက်တွေလည်း အပြည့်အစုံနဲ့ သေနတ်တွေနဲ့တောင်ပစ်တယ်” ဟုသူကပြောသည်။

ဖမ်းဆီးခံရသူများ၏ ဆိုင်ကယ်များကိုလည်း သိမ်းဆည်းသွားကြောင်း အသက် ၄၀ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့စစ်ကြောင်းနဲ့တိုးလို့ အဖမ်းခံရတာများတယ်။ ဆိုင်ကယ်တွေကောအကုန် သိမ်းသွားတာ။ အရင်ကဆို သူတို့မသင်္ကာတဲ့သူမှဖမ်းတာ အခုကအဲ့လိုမဟုတ်ဘူး။ သူတို့ဆီဖြတ်သွားတာနဲ့ကို ဖမ်းနေတော့တာ” ဟုပြောသည်။

အဆိုပါစစ်ကြောင်းက လက်ရှိကျေးရွာအလယ်တန်းကျောင်းတွင် တပ်စွဲထားပြီး အနီးရှိကျောက်စိမ်းကုမ္ပဏီများကို ကုမ္ပဏီတစ်ခုလျင် ငွေကျပ်သိန်း ၃၀ လာရောက်ပေးခိုင်းနေပြီး ခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း အမည်မဖော်လိုသည့် ကျောက်စိမ်းကုမ္ပဏီ ဝန်ထမ်းတစ်ဦးကပြောသည်။

“ပိုက်ဆံမပေးရင် လာစစ်မယ်ဆိုလို့သွားပေးတာ။ အခုထိရှိနေတုန်းပဲ ဖမ်းမိထားတဲ့သူတွေကို ဒူးထောက်ခိုင်းထားတာ နေပူထဲမှာ ညမိုးချုပ်တဲ့ချိန်ကြမှ သူတို့စစ်ကြောင်း ပြန်ဆုတ်မယ်လို့ပြောတယ်” ဟုသူကပြောသည်။

ဖမ်းဆီးခံရသူများ၏ ဖုန်းနှင့် ဆိုင်ကယ်များ သိမ်းဆည်းထားသည်ကိုလည်း တွေ့ရှိခဲ့ကြောင်း သူကပြောသည်။

ဧပြီလ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်က မဇွပ်ယာန်ကျေးရွာကို ဝင်ရောက်စီးနင်းကာ ပြည်သူ ၅၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပြီးနောက် ညနေပိုင်းတွင် ပြန်လွတ်ပေးခဲ့ကြောင်းသိရသည်။

လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံ(မဒဲယာန်) ကျေးရွာမှ ဒေသခံပြည်သူ ၁၀၀ ကျော်ကို ဧပြီ ၂၁ ရက်နေ့ နံနက်ပိုင်းက ရွာအတွင် ဝင်ရောက်စီးနင်းပြီး လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားကာ ထိုနေ့ည ၈ နာရီခန့်ကလည်း လုံးခင်းကျောက်ဝိုင်းနှင့် မှော်စီစာကျေးရွာအနီးရှိ စိန်စိန်ကုမ္ပဏီ၏ မြေစာပုံမှ ရေမဆေးသမားများနှင့် ပြည်သူ ၅၀ ခန့်ကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသည်။

ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ကပ်မှော်ဇွပ်ကျေးရွာနှင့် ဆိုင်းဖရာကျေးရွာမှ ကလေး၊ သက်ကြီးရွယ်အိုများအပါအဝင် အရပ်သားပြည်သူ ၅၀ ခန့်ကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာများအတွင်း ဒေသခံပြည်သူများကို မကြာခဏ ဖမ်းဆီးမှုများပြုလုပ်နေပြီး The 74 Media က ကောက်ခံထားသော အချက်အလက်များမရ ယခုလအတွင်း ဖမ်းဆီးခံခဲ့ရသူများမှာ အယောက် ၃၀၀ ထက်မနည်းရှိကြောင်း သိရသည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ