ဖားကန့်မြို့နယ် လုံးခင်းကျောက်ဝိုင်းအနီးရှိ ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ည ၈ နာရီခန့်က လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး သေနတ်ပစ်ဖောက်သံများလည်းကြားခဲ့ရကြောင်း သိရသည်။

လုံးခင်းကျောက်ဝိုင်းနှင့် မှော်စီစာကျေးရွာအနီးရှိ စိန်စိန်ကုမ္ပဏီ၏ မြေစာပုံမှ ရေမဆေးသမားများနှင့် ပြည်သူ ၅၀ ခန့်ကို စစ်ကောင်စီစစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု လုံးခင်းကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဝုန်းဒိုင်း ဝုန်းဒိုင်ပြေးကြတော့ ဘာများဖြစ်လည်းပေါ့။ အကုန်သိမ်းကျုံးဖမ်းသွားတာ မိန်းကလေးတွေလည်း ပါသွားတယ်။ စျေးသည်မတွေနေမှာ ကျောက်ဝိုင်းလမ်းတစ်လျှောက် အကုန်ဖမ်းသွားတာ။ သေနတ်တွေလည်းပစ်လို့” ဟုပြောသည်။

ဓါတ်ပုံ – ပေးပို့ (လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာတွင် ဧပြီလ ၂၁ ရက်နေက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖျက်ဆီးသွားသော နေအိမ်နှင့် ဖမ်းဆီးခံခဲ့ရသူများကိုတွေ့ရပုံ)

မှော်စီစာကျေးရွာနှင့် နမ္မဖြစ်ကျေးရွာကြားတွင်လည်း ဖြတ်သန်းသွားလာနေသည့် ပြည်သူများကို စစ်ကောင်စီတပ်က စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သေနတ် ၁၀ ချက်ကျော်ခန့်ပစ်ဖောက်ခဲ့သည်ဟု ရပ်ကွက်နေအခြားဒေသခံတစ်ဦးက ပြောသည်။

“အစစ်အဆေးလည်းကြမ်းတယ် ဆိုင်ကယ်တွေမရပ်ပေးရင်လည်းပစ်တယ်။ ဒီမှော်စီစာရွှေညောင်ပင် ဆီဆိုင်မှာဆို ဆီထည့်နေရင်ကို ဖမ်းခံလိုက်ရတာ ပေါ်ဦးလက်ဖက်ရည်ဆိုင်နားမှာတွေကောတဲ့” ဟုပြောသည်။

လုံးခင်းအုပ်စုငြိမ်းချမ်းသာယာကျေးရွာရှိ စစ်ကောင်စီရဲစခန်းကိုလည်း ယမန်နေ့ညက အမည်မသိ လက်နက်ကိုင်အဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ကြောင်း ရပ်ကွက်နေဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အပြန်အလှန်ပစ်တာမျိုးတော့မရှိဘူး။ အဝေးကနေ လှမ်းပစ်နေတာ အချက် ၂၀ ကျော်လောက်ရှိတယ်။ ရဲစခန်းထဲကနေတော့ ပြန်ပစ်တဲ့အသံမကြားမိဘူး” ဟုသူကပြောသည်။

ယမန်နေ့ နံနက်က စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့သည့် ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်ပုံ(မဒဲယာန်)ကျေးရွာမှ ဒေသခံပြည်သူ ၆၀ ထက်မနည်းကို စစ်ကြောင်းနှစ်ကြောင်းနှင့်အတူ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“ယောက်ျားလေးတွေကိုခေါ်သွားတယ်။ တချို့ကတော့ ကံဆီး(ကျေးရွာ)ကို ခေါ်သွားတယ်။ တချို့ကတော့ မဇွပ်ယန်ထောင်ကို ခေါ်သွားတယ်။ ရွာကတော့ အခုဘာမှမဖြစ်တော့ဘူး။ စစ်သားတွေက အကုန်လုံးကို ထွက်ခိုင်းလို့ အခုရွာကလူ‌တွေအကုန်ထွက်ဖို့လုပ်နေကြတယ်” ဟုပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များက မှော်ပုံကျေးရွာမှ နေအိမ်သုံးလုံးကို ဖျက်ဆီးခဲ့ပြီး နေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ပြည်သူတွေကို တစ်အိမ်တက်တစ်အိမ်ဆင်းလုပ်ပြီး အပြင်ထွက်ခိုင်းတယ်။ ဖမ်းဆီးနှိပ်စက် ရိုက်စစ်တာမျိုးတွေလည်းလုပ်တယ်။ သံသယရှိတဲ့အိမ်ကို ဖျက်ဆီးသွားတာမျိုးတွေလည်းလုပ်တယ်။ တစ်စဆီကိုဖြစ်သွားတယ် ရစရာကိုမရှိတော့ဘူး။ အိမ်ကို ဖျက်နေတဲ့အချိန်မှာပဲ NUG၊ PDF အလိုမရှိဆိုပြီးမှ အော်ခိုင်းတာမျိုးတွေလုပ်သွားတယ်။ သပိတ်လိုမျိုးအော်ခိုင်းတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ကပ်မှော်ဇွပ်ကျေးရွာနှင့် ဆိုင်းဖရာကျေးရွာမှ ကလေး၊ သက်ကြီးရွယ်အိုများအပါအဝင် အရပ်သားပြည်သူ ၅၀ ခန့်ကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

သတင်း – SK, Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ