စစ်ကောင်စီတပ်ပူးပေါင်းတပ်စခန်းတစ်ခုကို မင်းကင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး ရဟတ်ယာဉ်ကွင်းနှစ်ခုကိုလည်း ဖျက်ဆီးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မအူကျေးရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ် ရှေ့တန်းစခန်းတစ်ခုကို ဧပြီ ၁၀ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု Minkin People Defense Force တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“အကုန်လုံးကတော့ ကျွန်တော်တို့ရှင်းလင်းရေးလုပ်ပြီးသွားပြီ။ အခိုင်အမာယူထားတဲ့ စခန်းဖြစ်တဲ့အတွက် စခန်းကတော်တော်ကြီးတယ်။ သူတို့(စစ်ကောင်စီ)ရဲ့အခန်းထဲမှာဝင်ပြီး နယ်မြေရှင်းတဲ့အချိန်မှာ ဆေးထိုးအပ်တွေရယ်၊ ပိုက်တွေရယ်ပေါနော်။ မူးယစ်ဆေးဝါးလို့ယူဆရတဲ့ ပုလင်းအချို့တွေလည်း တွေ့ရတယ်” ဟုပြောသည်။

Minkin People Defense Force တပ်ရင်း ၂ နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုများရှိနိုင်ပြီး တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်က Mi 35 တစ်စီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆုတ်ခွာခဲ့ရကြောင်း သူကဆက်ပြောသည်။

“အဓိက အရမ်းအရေးကြီးတဲ့နေရာတချို့ကို သိမ်းနေတဲ့ချိန်မှာ ကျွန်တော်တို့ကို အပြင်ကနေပြီးမှ Mi 35နဲ့ လာပစ်တဲ့ အတွက်ကြောင့်မို့ နောက်ပြန်ဆုတ်လိုက်ရတဲ့ အနေအထားရှိတယ်။ အထိအခိုက်ကတော့ ရှိမယ်လို့ယူဆရတယ်။ ဒါပေမယ့်အတိအကျတော့ မသိရဘူး” ဟုပြောသည်။

အဆိုပါတပ်စခန်းသည် စစ်ကောင်စီတပ်ဖွဲ့က ငါးလကြာ ခြေကုပ်ယူထားသည့် စခန်းတစ်ခုဖြစ်ပြီး Mi 35 ဖြင့်လာရောက်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဘက်ကလည်း စခန်းကိုစွန့်ခွာသွားကြောင်း သိရသည်။

မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ ပျားသုံးကျေးရွာရှိ စစ်ကောင်စီတပ်ကို မတ်လ ၆ ရက်နေ့ကလည်း People Defense Force Taung Dwin Region – Mingin က ၈၀ မမဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၆၂ ခုရှိပြီး လူဦးရေ တစ်သိန်းခန့် နေထိုင်သည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ