မြစ်ကြီးနားမြို့တွင် ယနေ့တစ်ရက်အတွင်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရွှေစက်ရပ်ကွက် ဝန်ထမ်းအိမ်ရာရှေ့တွင် ယနေ့ နေ့လယ် ၂ နာရီခန့်က ဆိုင်ကယ်တစ်စီးကို ကားတစ်စီးကနောက်မှ ဝင်တိုက်ခဲ့ပြီး ထွက်ပြေးသွားသည်ဟု ဖြစ်စဉ်တွင်ကူညီခဲ့သူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အိမ်သားတွေနဲ့တော့ ချိတ်ဆက်လို့ရသွားပြီ။ သူကြတော့ ခြေထောက်အရေခွံလှန်သွားတာပေါ့။ ကားသမားကတော့ တိုက်ပြီးမှ ထွက်ပြေးသွားတယ်။ ဆိုင်ကယ်သမားကို နောက်က ကားက ဝင်တိုက်ပြီးထွက်ပြေးသွားတယ်” ဟုပြောသည်။

တပ်ကုန်းရပ်ကွက် စံပြနယ်မြေ လမ်းဆုံတွင်လည်း ယနေ့နံနက် ၉ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သူကဆက်ပြောသည်။

ထိခိုက်ဒဏ်ရာရသူ အမျိုးသားနှစ်ဦးကို မြစ်ကြီးနားဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်နေ့က မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

 

သင့်ထင်မြင်ချက်ရေးပေးပါ