မြန်မာပြည်မြောက်ဘက်အစွန်းဆုံးဖြစ်သော ပန်နန်းဒင်မြို့နယ်ခွဲရှိကျေးရွာများတွင် ဆယ်နှစ်အောက်ကလေးအချို့ တစ်ပတ်ခန့် လမ်းလျှောက်ရသောနေရာသို့ မိဘများနှင့်အတူသွားကာ ရိက္ခာထမ်းနေရကြောင်းသိရသည်။
တဆူထုကျေးရွာနှင့် ငဝါးကျေးရွာများမှ ဒေသခံများသည် ဆန်တစ်အိတ်လျှင် ထမ်းခ နှစ်သိန်းသုံးသောင်းကျော်ပေးရသောကြောင့် ငွေကြေးမတတ်နိုင်သော မိသားစုများမှ သားသမီးများသည် မိဘများနှင့်အတူ ရိက္ခာထမ်းနေခြင်းဖြစ်ကြောင်း အသက်သုံးဆယ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက The 74 Media ပြောသည်။
“ဘယ်မိဘက ကိုယ့်ကလေးတွေကို အဲ့လိုထမ်းခိုင်းချင်မလဲ။ ဒါပေမဲ့ကူညီစေချင်တာပေါ့။ မိဘတွေကို ကူညီချင်တဲ့ ကလေးတွေပဲ မိဘနဲ့လိုက်သွားတာ။ ခုနှစ်နှစ်၊ ရှစ်နှစ်လောက်ဆို မိဘနောက်လိုက်ကြပြီ။ ပြီးတော့နိုင်သလောက်ထမ်းကြတာ” ဟုပြောသည်။
အဆိုပါကျေးရွာ နှစ်ရွာသည် ပန်နန်းဒင်မြို့မှ မိုင် ၅၀ ကျော်ခန့်ကွာဝေးပြီး ခြေကျင်ခရီးဖြင့် တစ်ပတ်ခန့်လမ်းလျှောက်ရကြောင်း ဒေသခံများထံမှသိရသည်။
သက်ဆိုင်ရာအနေဖြင့် အဆိုပါကျေးရွာများသို့ သွားရာလမ်းများကို အကောင်းဆုံးအနေထား မဟုတ်သော်လည်း ဆိုင်ကယ်များသွားနိုင်သည့်အနေထားဖြစ်အောင် ဖောက်လုပ်ပေးစေချင်ကြောင်း အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“အဲ့ဒေသက လူတွေ အရမ်းခက်ခဲတယ်။ လမ်းကခက်တယ်။ ဝေးလည်းဝေးတယ်။ ဆန်းထမ်းတဲ့သူတွေက တစ်အိတ်လောက်ထမ်းရင်လည်း လမ်းမှာစားရတာနဲ့ တစ်အိတ်လုံးမရောက်ဘူး။ မိုးရာသီဆိုရင်သွားလို့မရဘူး၊ ရေလည်းကြီး၊ ဖက်ယားပင်တွေ၊ ခြုံတွေနဲ့အဆင်မပြေဘူး၊ သက်ဆိုင်ရာအစိုးရအနေနဲ့ ကားလမ်းမဟုတ်ရင်တောင် မြင်းတွေ၊ လားတွေနဲ့ ဆိုင်ကယ်တွေသွားလို့ရအောင် အမြန်ဆုံး လုပ်ပေးစေချင်တယ်”ဟုပြောသည်။
ပန်နန်းဒင်မြို့နယ်ခွဲရှိ ကျေးရွာများသည် အအေးပိုင်းဒေသဖြစ်ကာ ကျောက်ခဲ၊ ကျောင်ဆောင်များပြီး စပါးမဖြစ်ထွန်းသောကြောင့် ဂျုံ၊ ပြောင်း၊ အာလူးများစိုက်ပျိုးကြကြောင်း အသက်လေးဆယ်ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“အချို့မိသားစုမှာက ထမ်းဖို့လူငယ်မရှိဘူး။ ကလေးတွေလည်းထမ်းရတာ။ ကလေးတွေ မထမ်းရင်တော့ မိုးတွင်းအတွက် ဆန်မဖူလုံတော့ဘူး။ အဲ့ဘက်ကတော့ ဒေသစာတွေဖြစ်တဲ့ ဂျုံ၊ ပြောင်း၊ အာလူး၊ အူလိုင်၊ ဆပ်တို့ကို ဆန်နဲ့လည်းရောပြီးစားကြပါတယ်၊ ဆန်ကိုတော့ချွေတာပြီးစားရတယ်”ဟုပြောသည်။
အဆိုပါကျေးရွာနှစ်ရွာမှ ဒေသခံများသည် တောင်ပေါ်မှ သဘာဝဆေးမြစ်များရှာဖွေသည့် လုပ်ငန်းများကို အဓိကလုပ်ကိုင်နေကြောင်းသိရသည်။
ငဝါးကျေးရွာနှင့် တဆူထုကျေးရွာပါဝင်သော ပန်နန်းဒင်မြို့နယ်ခွဲသည် ၂၀၁၄ သန်းခေါင်းစာရင်အရ အိမ်ထောင်စု နှစ်ရာခြောက်ဆယ်ကျော်ခန့်ရှိကာ လူဦးရေ တစ်ထောင့်ရှစ်ရာကျော်ခန့်နေထိုင်ကြောင်းသိရသည်။
သတင်း – Dureng
ပုံ – Grongmai YT/ A Dee Ram