မြစ်ကြီးနားမြို့နယ် အောင်မြင်သာအပန်းဖြေစခန်းအနီးရှိ အင်ခိုင်ဘွမ်တောင်တွင် ၈ ရက်ကြာ တောမီးလောင်မှုဖြစ်ပွားနေပြီး ငြိမ်းသတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အောင်မြင်သာကြိုးတံတား အပန်းဖြေစခန်းအနီး ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ရှေ့ဘက်ခြမ်းရှိ တောင်တွင် ဧပြီလ ၁၄ ရက်နေ့မှစပြီး တောမီးလောင်မှုဖြစ်ပွားနေခြင်းဖြစ်သည်ဟု အသက် ၄၀ ကျော်ခန့် အောင်မြင်သာကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ညညတိုင်း ပေါက်ပေါက်ပေါက်နဲ့ပဲ။ ညဆိုရင် မီးအနီ‌ရောင်တွေကို တန်းနေတာပဲ။ ဟိုးတောင်ထိပ်က ဆုတောင်းတောင်လုပ်ထားတာ‌လေ လက်ဝါးကားတိုင်ရှိတဲ့နေရာတောင် ရောက်ခါနီးနေပြီ” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လဆန်းမှစတင်ကာ အင်ခိုင်ဘွမ်တောင်တွင် တောမီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း ငြိမ်းသတ်ခဲ့ခြင်းမရှိသောကြောင့် ဆက်လက်လောင်ကျွမ်းနေရခြင်းဖြစ်သည်ဟု အခြားသော ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မီးက အရမ်းပြင်းတာ ညညတွေဆိုရင် လေကလည်းတိုက်တော့ မီးကပိုဆိုး ပိုလောင်လာပြီး ကြောက်စရာကြီးတစ်တောင်လုံးကို ဟုတ်တယ်။ ဘယ်သူမှလည်း တာဝန်မယူရဲကြဘူးလေ။ ဟိုးမှာ မီးလောင်နေတယ် ဒီလောက်နဲ့ပဲပြီးသွားကြတော့တာ။ အဲ့ကြောင့် ပိုပိုပြီးဆိုးလာတာ။ စိတ်လည်းမကောင်းဘူး တစ်တောင်လုံးကို ခြောက်ကပ်နေပြီ။ ဘယ်သူ့ကို အကူအညီတောင်းရမှန်းလည်းမသိတော့ဘူး” ဟုပြောသည်။

မြန်မာနိုင်ငံမီးသတ်ဌာနမှ လာရောက်ငြိမ်းသတ်ခြင်း မရှိကြောင်းနှင့် တောင်ပေါ်သို့ တက်ရောက် မီးငြိမ်းသတ်ရန် လမ်းအခြေအနေ ဆိုးဝါးမှုနှင့် မီးလောင်မှု အရှိန်ပြင်းထန်သောကြောင့် ဒေသခံများက ငြိမ်းသတ်နိုင်ခြင်းမရှိကြောင်း သူကဆိုသည်။

ပြီးခဲ့သည့် မတ်လဆန်းကစပြီး ၁၀ ရက်ခန့်ကြာ ကျိန်ခရန်ချောင်းတစ်ဖက်ကမ်း အင်ခိုင်ဘွမ်တောင်ခြေတွင် တောမီးလောင်မှုဖြစ်ပွားရာတွင် အောင်မြင်သာအပန်းဖြေစခန်းရှိ ဆိုင်ရှင်များဖြစ်သည့် အောင်မြင်သာကျေးရွာဒေသခံများ မီးငြိမ်းသတ်မှုပြုလုပ်ခဲ့သော်လည်း ဧပြီလ ၁၄ ရက်နေ့မှစတင်ပြီး တဖန်တောမီးလောင်မှုစတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျိန်ခရန်ချောင်းကို မှီခိုပြီး အပန်းဖြေစခန်းများဖွင့်ကာ ဝမ်းစာရှာဖွေနေရခြင်းဖြစ်သောကြောင့် သစ်ခုတ်မှုစသော သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှုများကို လုံးဝရပ်တန့်ပေးစေလိုသည်ဟု ဒေသခံများက ဆိုသည်။

အင်ခိုင်ဘွမ်တောင်သည် ကချင်တိုင်းရင်းသားလူမျိုးများ၏ သမိုင်းဝင်အထင်ကရနေရာဖြစ်ပြီး တောင်၏ ဧက ခုနှစ်သောင်းကျော်ကို ၂၀၁၇ ခုနှစ်ကစပြီး အမျိုးသားဥယာဉ်အဖြစ် သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

သတင်း – Ma Di

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ