စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်ပုံ(မဒဲယာန်) ကျေးရွာကို ယနေ့ နံနက် ၅ နာရီခန့်က ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားကြောင်းသိရသည်။

အင်အား ၁၀၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာကိုဝင်ရောက်စီးနင်ချိန် ဖမ်းဆီးထားသော ပြည်သူများကို ရိုက်နှက်မှုများပြုလုပ်နေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“အခုချိန်ထိ မှော်ပုံထဲဝင်ပြီး လူဖမ်းထားပြီးရိုက်နှက် အိမ်တွေကိုလည်း လိုက်ဖျက်ဆီးလုပ်နေတာ။ အိမ်တွေလည်း ရိုက်ဖွင့်လုပ်နေတာ အခုလည်းဖြစ်နေတယ်။ လူဖမ်းနေတုန်းပဲ လမ်းမှာစောင့်ပြီး။ ဘယ်ကဝင်လာလဲ ဘယ်လိုဝင်လာလဲမသိဘူး” ဟုပြောသည်။

အဝေးမှကြည့်လျင် မီးခိုးတန်းများတွေ့မြင်နေရသောကြောင့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း နေအိမ်မီးရှို့မှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ကျေးရွာအတွင် ဖြတ်သန်းသွားလာနေသူများကိုလည်း ဖမ်းဆီးနေကြောင်း မှော်ပုံကျေးရွာနေ အခြားဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“လမ်းမှာတွေ့တဲ့သူတွေအကုန် ခေါ်သွားတာ ဆိုင်ကယ်နဲ့လာတဲ့သူတွေကိုလည်း စစ်ပြီးခေါ်သွားတာတွေ့တယ်။ ဆိုင်ကယ်တွေဆို လမ်းပေါ်မှာ ဒီအတိုင်းပဲ သော့တန်းလန်းတွေနဲ့” ဟုပြောသည်။

မှော်ပုံကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့က လက်ရှိအချိန်ထိ ဝင်ရောက်စီးနင်းထားဆဲဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဝင်စီးနေတာ မနက်အစောကြီးကတည်းက ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်ပြီး အိမ်ကိုလည်း ဖြိုနေတယ်လို့သိရတယ်” ဟုပြောသည်။

ဆန်ခါကျေးရွာနှင့် မှော်ပုံကျေးရွာအနီးပတ်ဝန်းကျင်ရှိ ပြည်သူအချို့ လုံးခင်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံပြည်သူများထံကသိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ကပ်မှော်ဇွပ်ကျေးရွာနှင့် ဆိုင်းဖရာကျေးရွာမှ ကလေး၊ သက်ကြီးရွယ်အိုများအပါအဝင် အရပ်သားပြည်သူ ၅၀ ခန့်ကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

သတင်း – Nan Non, SK

ပုံဟောင်းပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ