ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့တွင် သောက်သုံးရေခက်ခဲမှုဖြစ်ပေါ်နေပြီး ရေကို အလှည့်ကျစနစ်ဖြင့် ပေးနေသော်လည်း လုံလောက်မှုမရှိကြောင်း ဒေသခံများထံမှ သိရသည်

ဆွမ်ပရာဘွမ်မြို့အတွင်း သောက်သုံးရေအတွက် ရေပိုက်လိုင်း လေးလိုင်းခွဲကာ နှစ်ရက်လျှင် နှစ်နာရီခန့် တစ်ကြိမ်စီ အလှည့်ကျ ရေခွဲပေးနေကြောင်း ဆွမ်ပရာဘွမ်မြို့ခံ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီမှာ ရေအရမ်းရှားနေပြီ။ အဲ့ကြောင့် ပိုက်လိုင်းခွဲပြီးပေးနေတာ။ နှစ်ရက်ခြားခြား အချိန်ပိုင်းနဲ့ ပေးတာ။ တစ်ရက်ကိုတောင် အများဆုံး နှစ်နာရီပဲပေးတာပေါ့နော်။ အဲ့ကြောင့် ဒီဆုတောင်းပွဲတွေ လုပ်တဲ့ချိန်ဆိုရင် ရေကအရမ်းခက်တာကိုး။ အဲ့ကြောင့် သီးသန့်ပြန်ပြီး ရေသယ်ယူကြရတာ” ဟု ပြောသည်။

ဆွမ်ပရာဘွမ်မြို့တွင် အစိုးရကဆောက်လုပ်ပေးထားသော ဂါလန် ၁၀၀ ဆန့် ရေလောင်ကန် ၁၅ ခုနှင့် ဂါလန် ၄ သောင်းဆန့် ရေလောင်ကန် လေး ခု စုစုပေါင်း ၂၀ ခန့် ရှိသော်လည်း ရေကန် ၁၁ ခု တွင် ရေမရှိကြောင်း အခြား အမျိုးသားတစ်ဦးက ပြောသည်။

“လွှတ်တော်ဘတ်ဂျက်နဲ့ ရေကန်တွေ ဘယ်လောက်ပဲလုပ်ထားထား ရေကန်က ရေမရှိဘဲ လေတွေပဲရှိတဲ့ဟာတွေပဲလေ။ ရေလောင်ကန်မဟုတ်ဘဲ လေလောင်ကန်တွေ ဖြစ်နေကြတာ။ ဒါပေမဲ့ ကန်ထရိုက်ယူတဲ့သူတွေပဲ လုပ်စားလိုက်ကြတာလားမသိဘူး။ ပြန်ပြီး စိစစ်တာတွေလည်းမရှိတော့ ရေလောင်ကန်ကများပြီး ရေက မရှိဘူး” ဟုပြောသည်။

အစိုးရက ရေလောင်ကန်အတွက် နှစ်စဉ်ဘက်ဂျတ်များ ချပေးသော်လည်း ရေလုံလောက်စွာ အသုံးပြုနိုင်ခြင်းမရှိကြောင်း သူက ဆက်ပြောသည်။

သောက်သုံးရေလုံလောက်မှုမရှိသောကြောင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်ပင် အခက်အခဲကြုံတွေ့နေရကြောင်း အသက် ၅၀ နှစ်ခန့် မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။

“ရေကတော့ ခုတလောဆိုရင် ရေချိုးဖို့တောင်မရှိပါဘူး။ သနားစရာကိုဖြစ်နေတာပါ။ သောက်ရေတောင် ရေအရမ်းစစ်ပြီးတော့ သုံးနေရပါတယ်။ မိသားစုနည်းတဲ့ သူတွေကတော့ သုံးလို့လောက်ကြတယ်ပေါ့နော်။ ဒါပေမဲ့ မိသားစုများတဲ့သူတွေကျတော့ သုံးလို့ လုံးဝမလောက်ဘူး။ ရေလာတဲ့ချိန်ကို နောက်ရက်တွေသုံးဖို့ အကုန်ရေဖြည့်ထားပြီးတော့ ချွေတာသုံးရတာ” ဟုဆိုသည်။

 

ရေအခက်အခဲပြဿနာကို နှစ်စဉ် ခံစားနေရသောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် သောက်သုံးရေ လုံလုံလောက်လောက်အသုံးပြုနိုင်ရန် စီစဉ်ပေးစေလိုသည်ဟု သူကပြောသည်။

သွေးချင်းတို့ပျော်ရာမြေဟုခေါ်ဆိုသော ဆွမ်ပရာဘွမ်မြို့သည် ပင်လယ်ရေမျက်နှာပြင်မှ ပေ ၄၆၀၀ တွင် တည်ရှိသော မြို့ဖြစ်ပြီး မြစ်ကြီးနား – ပူတာအို သွားသည့် လမ်းတွင် ရှိသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ဆွမ်ပရာဘွမ်မြို့တွင် မြို့မရပ်ကွက်၊ ဝါစပ်ခူးရပ်ကွက် နှင့် ကဘရန်ခူး ရပ်ကွက် စသည်ဖြင့် ရပ်ကွက် စုစုပေါင်း သုံးခုရှိကာ အိမ်ထောင်စုအရေအတွက် တစ်ရာကျော်နှင့် လူဦးရေစုစုပေါင်း တစ်ထောင်ခန့်နေထိုင်သည်။

သတင်း – Ma Di

 

သင့်ထင်မြင်ချက်ရေးပေးပါ