စစ်ကောင်စီစခန်းအတွက် ရိက္ခာ‌ပေးပို့ရန် ထွက်ခွာလာသော စစ်ကောင်စီ စစ်ကားတစ်စီး ယမန်နေ့ နေ့လယ် တစ်နာရီခန့်က ကရင်နီပြည်နယ် ဒေါညေးခူကျေးရွာနှင့် ဘောလခဲမြို့သွားသည့် ကားလမ်းတစ်နေရာတွင် တိုက်ခိုက်ခံရပြီး ရှစ်ဦးသေဆုံးကာ တစ်ဦး အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ဒေါညေးခူကျေးရွာရှိ စစ်ကောင်စီစခန်းသို့ ရိက္ခာပေးပို့ရန် ထွက်ခွာလာသော စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ ၈၀) မှအင်အား ၂၀ ခန့်ပါဝင်သည့် စစ်ကောင်စီကားတစ်စီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းပြန်ကြားရေးအဖွဲ့၏ တာဝန်ခံက The 74 Media ကိုပြောသည်။

“အရင်က သုံးရက်တိုက်ပွဲဖြစ်တဲ့နေရာလေ။ အဲ့ဘက်ကို ဘောလခဲမြို့ကနေ စစ်တပ်က ရိက္ခာလာပို့တာ။ အဲ့ကားက လမ်းမှာ မိုင်းအရင်ထိသွားပြီး မှောက်သွားတော့မှ ရဲဘော်တွေက ပြန်တိုက်ကြတာ။ အဲ့မှာ တိုက်ပွဲဖြစ်ပြီး ရှစ်ယောက်သေတယ်။ တစ်ယောက်က အရှင်ဖမ်းမိတာ။ ကားကတော့ တစ်စီးတည်းပဲ နောက်မှာ ကျန်သေးလားတော့မသိဘူး” ဟု ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးခဲ့ပြီး အရှင်ဖမ်းဆီးခဲ့သော အသက် ၃၀ ဝန်းကျင်ခန့် အရွယ်ရှိသည့် စစ်ကောင်စီတပ်သား၏ နာမည်နှင့် ရာထူး အသေးစိတ်ကို မသိရှိရသေးပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေနတ်ခြောက်လက်နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိကြောင်း သိရသည်။

စစ်ဆင်ရေးကို ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများအဖွဲ့ (KNDF) တပ်ရင်း ၂၁ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ‌ဒေါတမကြီးကျေးရွာအုပ်စုအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ သုံးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – Knic

သင့်ထင်မြင်ချက်ရေးပေးပါ