ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကညှင်မြိုင်ကျေးရွာနှင့် ပြွန်သုံးလုံးကျေးရွာကြားရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၈၃)နှင့် (၃၈၄) တပ်အနီးတွင် မိုင်းထောင်ထားသည့်အတွက် ဒေသခံပြည်သူများ လယ်ယာစိုက်ပျိုးရန်နှင့် ဖြတ်သန်းသွားလာရန် ခက်ခဲနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့ကစပြီး အဆိုပါတပ်ရင်းနှစ်ခု၏ မီတာနှစ်ရာ (ပေခြောက်ရာကျော်) ပတ်လည်တွင် မိုင်းထောင်ထားကြောင်း ရပ်ရွာအုပ်ချုပ်ရေးမှူးများက ကျေးရွာအတွင်း လိုက်လံအသိပေးပြောကြားခဲ့သည်ဟု ကညှင်မြိုင်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“မီတာ၂၀၀ အတွင်းမှာ မိုင်းထောင်ထားတယ်ပေါ့နော်။ အဲ့ဒါ ရွာသားတွေအနေနဲ့ နွားကျောင်းတို့၊ မှိုရှာတို့အဲ့တာတွေ မသွားပေးပါနဲ့ပေါ့။ အဲ့လိုတော့ရွာဆော်ကနေ အော်ထားတာတော့ရှိတယ်” ဟုပြောသည်။

ယခင်က ဒေသခံများမှာ စစ်ကောင်စီတပ်နှစ်ခုအနီး ပတ်ဝန်းကျင်တွင် သပြေပန်းချိုးခြင်း၊ နွားကျောင်းခြင်း၊ ထင်းခွေခြင်းနှင့် မှိုရှာခြင်းတို့ပြုလုပ်လေ့ရှိပြီး လက်ရှိ စစ်တပ်က မိုင်းထောင်လိုက်သည့်အတွက် ဒေသခံများ ဝမ်းစာအတွက်အပြင် ဖြတ်သန်းသွားလာရန် ခက်ခဲနေကြောင်း ကညှင်မြိုင်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ပန်းချိုးရောင်းတဲ့သူတွေလည်း လွတ်လွတ်လပ်လပ်သွားလို့ မရတော့ဘူးပေါ့။ ထင်းခွေတဲ့သူတွေလည်း အဲ့နားသွားလို့မရတော့ဘူး။ ကျွဲ၊ နွားတွေလည်း အဲ့နားကျောင်းလို့မရတော့ဘူးဆိုတော့ ဒါတွေက အခက်အခဲတော့ရှိတာပေါ့” ဟုပြောသည်။

စစ်ကောင်စီ ခမရ (၃၈၄)တပ်၏ အရှေ့ဘက်တွင်ရှိသည့် ပြွန်သုံးလုံးကျေးရွာဒေသခံတစ်ဦး၏ လယ်ကွက်သည် တပ်ဧရိယာနှင့် နီးကပ်နေသည့်အတွက် လယ်လုပ်ကိုင်ခွင့်မရှိတော့ကြောင်း သူကပြောသည်။

မိုင်းထောင်ထားသည့် အဆိုပါစစ်ကောင်စီတပ်နှစ်ခုသည် မြစ်ကြီးနား- ရွှေဘို ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိသည့်အပြင် လမ်းဘေးတွင် မိုင်းအန္တရာယ်သတိပေးဆိုင်းဘုတ် တပ်ဆင်ထားခြင်း မရှိသည့်အတွက်‌ ခရီးသွားများ မိုင်းနင်းမိမည်ကို စိုးရိမ်ရကြောင်း သူကဆိုသည်။

“(မိုင်းသတိပေးဆိုင်းဘုတ်) မကပ်ဘူး။ အဲ့ဒါကြောင့် ရွာသားတွေကပြောနေကြတာ။ ရွာသားတွေကျတော့သိတယ်။ ခရီးဝေးကတွေ ကျတော့မသိဘူး။ အဲ့တာကြောင့် မိုင်းရှိကြောင်းကိုတော့ ကပ်သင့်တာပေါ့ဆိုပြီး ရွာသားတွေကပြောနေကြတာ” ဟုပြောသည်။

မိုင်းနင်းမိပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့ပါက မိုင်း၏တန်ဖိုးကို ပြန်လည်ပေးလျော်ရမည်ဟု စစ်ကောင်စီတပ်က အသိပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၅ရက်နေ့က အဆိုပါ စစ်ကောင်စီ ခမရ(၃၈၃) တပ်အနီးတွင် ခရီးသွားပြည်သူအမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့သည့်အတွက် မိုးကောင်းဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် မိုးတွင်းကာလက အဆိုပါစစ်ကောင်စီတပ်နှစ်ခု၏ အနောက်ဘက်ရှိ ဆက်သွယ်ရေးတာဝါတိုင်ကုန်းအနီးတွင် မိုင်းထောင်ထားသည့်အတွက် ဒေသခံများ၏ ကျွဲ၊ နွားများ မိုင်းနင်းမိပြီး သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

သတင်း- Yu San

သင့်ထင်မြင်ချက်ရေးပေးပါ