လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ယနေ့ နေ့လယ် နှစ်နာရီခွဲတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲခဲ့သည့်အတွက် ဒေသခံနေအိမ်များ မီးလောင်ပျက်စီးမှုများရှိကြောင်း သိရသည်။

တံတားဦးလေဆိပ်မှ ထွက်ခွာလာသည့် တိုက်လေယာဉ်တစ်စီးသည် ပဇီကြီးကျေးရွာကို ဗုံးနှစ်လုံးကြဲခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ပစ်တာတော့အတွဲလိုက်ပစ်တာပဲ။ ခြောက်လုံးလောက်ပစ်တာ။ ကြားတာတော့ ခြောက်ချက်လောက်ကြားတယ်” ဟုပြောသည်။

စစ်ကောင်စီခြေလျင်စစ်ကြောင်းသည် ပဇီကြီးကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် တိုက်လေယာဉ်ဖြင့် ဗုံးကြဲသွားခြင်းဖြစ်သည်ဟု ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မြေပြင်စစ်ကြောင်းက ရွာထဲကိုပစ်ဝင်လာတဲ့အချိန် ကျွန်တော်တို့က ပြန်ဆုတ်ပေးလိုက်တဲ့အချိန် လေယာဉ်က တန်းပစ်တော့တာပဲ” ဟုပြောသည်။

ဗုံးကြဲပြီးနောက် ကျေးရွာဘက်မှ မီးခိုးများမြင်ရပြီး မီးလောင်နေသည်ကို သိရှိရသော်လည်း ထိခိုက်ပျက်စီးသည့် အိမ်ခြေအရေအတွက်ကို မသိရှိရသေးကြောင်းသူကပြောသည်။

စစ်ကောင်စီတပ်က ပဇီကြီးကျေးရွာကို လေကြောင်းဖြင့်တိုက်ခိုက်သည့်အပြင် မြေပြင်တွင်လည်း စစ်ကြောင်းထိုးနေသည့်အတွက် ပဇီကြီးကျေးရွာနှင့် အနီးအနားရှိကျေးရွာခုနှစ်ရွာမှ ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်က ပဇီကြီးကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီး ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်များအပါအဝင် လူပေါင်း ၁၆၈ ဦး သေဆုံးခဲ့သည်။

၂၀၁၉ သန်းခေါင်စာရင်းအရ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် အိမ်ခြေနှစ်ရာကျော်ရှိပြီး လူဦးရေတစ်ထောင်ကျော် နေထိုင်သည်။

သတင်း- Yu San

ဓာတ်ပုံ- ပုံဟောင်းဖြစ်သည်

သင့်ထင်မြင်ချက်ရေးပေးပါ