မိုးမောက်မြို့ အရှေ့မြောက်ဘက်ရှိ စစ်ကောင်စီတပ်စွဲထားသော တောင်အနီးတွင် ယနေ့နံနက် ၁၁ နာရီခန့်မှ မွန်းလွှဲ ၁ နာရီအထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားခဲ့ရကြောင်း သိရသည်။

ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA)က လုံဂျာတောင်တွင် တပ်စွဲနေသော စစ်ကောင်စီတပ်ကို လက်နက်ကြီး စတင်ပစ်ခတ်ရာမှ ပစ်ခတ်သံများ ကြားခဲ့ရခြင်းဖြစ်သည်ဟု မိုးမောက်မြို့နေ ဒေသခံလူငယ်အမျိုးသား တစ်ဦးက The 74 Media ကို ပြောသည်။

“ကေအိုင်အေဘက်က လက်နက်ကြီးနဲ့ အရင်ထုလိုက်လို့၊ စကစဘက်က ကေအိုင်အေရှိတဲ့ဘက် လက်နက်ကြီးပြန်ပစ်တာ။ ကေအိုင်အေတွေက ပိုမြင့်တဲ့ တောင်ပေါ်မှာနေတယ် စစ်ကောင်စီတွေက နည်းနည်းနိမ့်တဲ့တောင်မှာနေတာ။ သေနတ်သံကတော့ စကစဘက်က လန့်ပြီး ရမ်းသမ်းပစ်တာပေါ့” ဟုသည်။

မိုးမောက်မြို့ ဝဝမ်တောင်တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ် အပြန်အလှန်ပစ်ခတ်သံများ ကြားခဲ့ရပြီး စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၄၃၇) တပ်ကလည်း လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း မိုးမောက်မြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“အရမ်းပစ်နေကြတယ် တစ်နာရီလောက်ရှိလာပြီ။ အခုတော့ ရပ်ပြီ မိုးမောက် ၄၃၇ တပ်ကပစ်တာ၊ ထိခိုက်တဲ့ စာရင်းတော့ မသိရသေးဘူး စုံစမ်းနေတာ။ လက်နက်ကြီးအသံက သုံးလေးချက် လောက်မြည်တယ်” ဟုသူက ပြောသည်။

KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် လုံဂျာတောင်ခြေရှိ ဝဝမ်၊ ကွန်ပန်၊ လုံဂျာ၊ နောင်ပေါင်းစသည့် ကျေးရွာများမှဒေသခံများက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှစတင်ကာ နီးစပ်ရာကျေးရွာများနှင့် မိုးမောက်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ