သင်္ကြန်ကာလအတွင်း လာရောက်လည်ပတ်သူများ၏ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကြောင့် တနိုင်းချောင်းကမ်းနားတစ်လျှောက်တွင် အမှိုက်များစုပုံနေကြောင်းသိရသည်။

တနိုင်းချောင်းတစ်လျှောက်တွင်ဖွင့်လှစ်ခဲ့သည့် စားသောက်ဆိုင်များနှင့် ရေကစားသူများ၏ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် ချောင်းတစ်လျှောက်တွင် အမှိုက်များဖြင့် ပြည့်နှက်နေကြောင်း မြို့ခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အခုဈေးဆိုင်တွေကတော့ ဖျက်သွားပြီ။ အဲ့နားမှာ အမှိုက်တွေကြီးပဲ။ သင်္ကြန်တုန်းက ကဲထားတဲ့ဟာတွေပေါ့။ လူတွေ အမှိုက်ကိုစည်းကမ်းမရှိပစ်တာ။ အမှိုက်ရှိလားဆိုတော့ ရှိတော့ရှိတာပေါ့။ အဲမတိုင်ခင်တော့ အဲ့လောက်မများဘူး။ အမှိုက်ကို စည်းကမ်းမရှိလျှောက်ပစ်တာတော့ လုံးဝမကောင်းဘူး” ဟုပြောသည်။

သင်္ကြန်ကာလ တနိုင်းချောင်းကမ်းနားတွင် စားသောက်ဆိုင် ၂၀ဆိုင်ခန့် ဖွင့်လှစ်ခဲ့ပြီး လူအများအပြား ရေကစားခဲ့ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။

“အဲ့မှာ ပုလင်းကွဲတွေ ဘယ်လောက်ရှိမလဲတောင်မသိဘူး။ ဆိုင်တန်းတွေကလည်း တော်တော်ရှည်တယ်။ သင်္ကြန်တုန်းက လူတွေလည်း တောင်လိုပဲ” ဟုပြောသည်။

တနိုင်းချောင်းတွင် သင်္ကြန်ကာလမဟုတ်သော်လည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများရှိနေသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ပေးစေလိုကြောင်း မြို့ခံအမျိုးသားကဆိုသည်။

“တနိုင်းမြို့ရဲ့ အမှိုက်ပစ်တဲ့နေရာတွေကိုလည်း သက်ဆိုင်ရာက စနစ်တကျသတ်မှတ်ပေးပြီး သေချာ ကြပ်မတ်စေချင်ပါတယ်။ သင်္ကြန်မဟုတ်လည်း အမှိုက်က ဒီမှာပဲလာပစ်ကြတာပဲ။ လူတွေရောက်တဲ့ နေရာမှာ အမှိုက်ရှိတယ်။ အခုက ရေတက်လာပြီး ရေနဲ့ပဲ မျောနေကျတာ” ဟုပြောသည်။

သင်္ကြန်အတွင်း ဈေးဆိုင်တန်းများသည် တနိုင်းချောင်းတံတားအနီးတွင် ဖွင့်လှစ်ခဲ့ပြီး တနိုင်းမြို့နယ် စည်ပင်သာယာအဖွဲ့မှလည်း လက်ရှိအချိန်ထိ အမှိုက်များလာရောက်သိမ်းဆည်းခြင်း မရှိကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

တနိုင်းမြို့တွင် စစ်ကောင်စီမှပြုလုပ်သည့် သင်္ကြန်မဏ္ဍပ်သုံးခုရှိပြီး ပုန်ခုန်းရပ်ကွက်ရှိ ရွှေပင်လယ်စားသောက် ဆိုင်ရှေ့ မဏ္ဍပ်တွင် ရေဆော့သူများပြားကြောင်းသိရသည်။

သတင်း – Pu Noi Tsawm

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ