မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ ဧရာဝတီမြစ်ဆိပ်တွင် ယနေ့ နေ့လယ် နှစ်နာရီခန့်က ရေချိုးဆင်းသည့် လူငယ်မိန်းကလေးတစ်ဦး ရေနစ်ပျောက်ဆုံးနေကြောင်းသိရသည်။

မိန်းကလေးသုံးဦး ဧရာဝတီမြစ်ဆိပ်တွင် ရေချိုးဆင်းရာမှ တစ်ဦးမှာ ရေနစ်ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့ ကျူရှင်သွားရင်းနဲ့ ရေသွားချိုးတာ။ ရေချိုးတော့ သူတို့ချိုးနဲ့နားမှာ အဝတ်လျှော်နေတဲ့ သူရှိတယ်။ သုံးယောက်လုံးမျောသွားတာ။ နှစ်ယောက်ပဲ ဆွဲလိုက်နိုင်တာ” ဟုပြောသည်။

ပျောက်ဆုံးနေသူမှာ အသက် ၁၃ နှစ်ခန့်အရွယ်ဖြစ်ပြီး လက်ရှိချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သွားရောက်ရှာဖွေခဲ့သူ တစ်ဦးကပြောသည်။

“ရေချိုးတာ သူ့သူငယ်ချင်းနဲ့ အားလုံး လေးယောက်ပေါ့နော်။ လေးယောက်မှာတစ်ယောက် မချိုးဘူး။ သုံးယောက်မှာ ရေစီးကလည်းအရမ်းသန်တော့ နစ်တာတော့ သုံးယောက်နစ်တာဟုတ်တယ်။ ဒါပေမယ့်အဲ့နားလေးမှာ အဝတ်လျှော်နေတဲ့ အမျိုးသမီးတွေရှိတယ်။ သူတို့ကနေပြီး နှစ်ယောက်ကိုတော့ လက်ကနေဆွဲပြီးတော့ ကယ်လိုက်တယ်။ နောက်တစ်ယောက်ကိုကြည့်လိုက်တဲ့ ချိန်မှာ အဲ့တစ်ယောက်က ရေထဲမှာ မျောပါသွားပြီ မသိလိုက်တော့ဘူးတဲ့” ဟုပြောသည်။

ရေနစ်ပျောက်ဆုံးနေသူအား ယနေ့ ည ၈နာရီခန့်အထိ ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့သဖြင့် မနက်ဖြန်တွင် ပြန်လည်ရှာဖွေမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၀ရက်နေ့က မြစ်ကြီးနားမြို့ နန်းကွေ့ချောင်းတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – လူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ