ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းသို့ ထိုးစစ်ဆင်ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ နံနက် ခုနှစ်နာရီခန့်က တော်လှန်ရေးရဲဘော်ငါးဦးကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ထက်မနည်း ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး မြကန်ကျေးရွာတောင်ဘက်ခြမ်းတွင် မိုင်းဆွဲရန်ပြင်ဆင်နေသော တော်လှန်ရေးရဲဘော် ငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ခင်ဦးမြို့နယ် တော်လှန်ရေးခေါင်းဆောင်တစ်ဦးက The 74 Media ကိုပြောသည်။

“မနက်တုန်းက သုံးယောက်ပဲ သတင်းရပြီးတော့မှ နယ်မြေရှင်းလင်းတဲ့အခါ ငါးယောက်ကိုတွေ့တာဗျ။ ဘယ်လိုဖြစ်တာလဲဆိုရင် သူတို့က မိုင်းဆွဲဖို့ လုပ်နေတဲ့အချိန် ကင်းပုန်းတွေ တိုးလာတာ မသိတဲ့အနေအထားမှာပါ့။ ဘာလို့ဆို သူတို့က (စစ်ကောင်စီ) က အဝိုင်းလို ပတ်ပြီးထိုးလာတာလေ။ ကျသွားတဲ့ ကိုနောင်ဆိုတဲ့သူရဲ့ဖုန်းက သူတို့ (စစ်ကောင်စီ)တွေစီရောက်သွားတာပေါ့နော်။ အဲ့မှာ ကျွန်တော်တို့က မလာသေးလို့ဆိုပြီး ဖုန်းဆက်တော့ အဲ့ကနေပြီးတော့ သူတို့ (စစ်ကောင်စီ) ကကိုင်ပြီး ပြောတာပေါ့။ နင်တို့လူတွေ ငါတို့မိထားတယ် ငါတို့သတ်ပြီးပြီ။ သတ္တိရှိရင်ရှေ့တက်ခဲ့ပစ်မယ် ဘာတို့ပေါ့ အဲ့လိုပြောကြတာ” ဟုပြောသည်။

သေဆုံးနေသော ရဲဘော်များ၏ ရုပ်အလောင်းများတွင် သေနတ်ဒဏ်ရာများနှင့် ရိုက်နှက်ခံထားရသော ဒဏ်ရာများကို တွေ့ရှိခဲ့ကြောင်းသူကပြောသည်။

ကျဆုံးသွားသော ရဲဘော်ငါးဦးမှာ အသက် ၂၅ နှင့် ၄၀ အရွယ်ကြားရှိသော ရဲဘော် တရုတ်ကြီး၊ ရဲဘော်မိုးဟိန်း၊ ရဲဘော်ဖိုးကျော်၊ ရဲဘော်ကိုနောင်နှင့် ရဲဘော်ကျော်နိုင်တို့ဖြစ်သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မြကန်ကျေးရွာအနီး တောင်ယာလုပ်ကိုင်နေသော ဒေသခံ ပြည်သူအမျိုးသားငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ခင်ဦးမြို့နယ်သတန်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

“အဲ့မှာ တောင်သူလုပ်နေတဲ့ ပြည်သူတွေကိုဖမ်းသွားတယ်ပေါ့နော်။ ဖမ်းသွားတဲ့ပြည်သူတွေနဲ့အတူ အခုသူတို့က အောင်သာကျေးရွာရောက်တော့ မီးတွေရှို့တယ်‌‌ပေါ့နော်။ ဘာတွေရှို့သွားတာလဲဆိုတာတော့မသိဘူး။ မီးခိုးတွေကတော့ တလူလူတက်လာတာပဲ။ အောင်သာရွာကပြည်သူတွေကလည်းထွက်ပြေးနေရတာဆိုတော့ ဘာတွေရှို့သွားလဲဆိုတာကတော့ မသိရသေးဘူးပေါ့နော်။ ခုထိ စစ်ရှောင်နေရတုန်းပါဗျ” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးခေါ်ဆောင်သွားသော အမျိုးသားငါးဦးမှာ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါ။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကျေးရွာစုစုပေါင်း ၂၀ ခန့် လူဦးရေစုစုပေါင်း သုံးသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

ထွက်ပြေးတိမ်းရှောင်နေရသောကျေးရွာများမှာ ရွာသစ်အနောက် ကျေးရွာ၊ အင်ဒိုင်းလေး တောင်ရွာ နှင့် မြောက်ရွာ၊ သရက်ပင်စုကျေးရွာ၊ မကြီးအုပ်ကျေးရွာ၊ မင်းတောင်းကျေးရွာ၊ အင်းပတ်ကျေးရွာ၊ မြကန်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ မုံတောကျေးရွာ၊ မှန်တော်ကျေးရွာ၊ အောင်သာ‌ကျေးရွာ၊ အင်းပေါက်ကျေးရွာ၊ ကျွန်းလည်ကျေးရွာ၊ ညောင်ပင်ကြီးစု၊ မရမ်းအင်းကျေးရွာ၊ ကြီးအိုင်ကျေးရွာ၊ ကျွန်းဆွယ်ကျေးရွာ တို့ဖြစ်သည်။

အဆိုပါ ကျေးရွာများရှိ ဒေသခံများသည် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၂၀ ကြိမ်ထက်မနည်း ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ခင်ဦးမြို့နယ်တွင် ကျေးရွာစုစုပေါင်း ၅၉ ခု ရှိပြီး အိမ်ထောင်စုအရေအတွက် သုံးသောင်းကျော်နှင့် လူဦးရေစုစုပေါင်း တစ်သိန်းကျော်ခန့်‌ နေထိုင်သည်။

သတင်း – Ma Di

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ