ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ဖားကန့်အခြေစိုက် တပ်မဟာ (၉) လက်အောက် တပ်ရင်း(၆) နယ်မြေရှိ ရှေ့တန်းစခန်းတစ်ခုကို ယနေ့ ညနေပိုင်း ငါးနာရီအချိန်ခန့်က စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က တိုက်လေယာဉ်သုံးစီးဖြင့် အဆိုပါ စခန်းကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင် KIA တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လေယာဉ်က မြစ်ကြီးနားက နှစ်စီး၊ အနောက်မြောက်တိုင်းဘက်က တစ်စီးလာတယ်လို့ပြောတယ်။ တပ်ရင်း ၆ နယ်မြေ ရှေ့တန်းစခန်းဘက်ဟုတ်တယ်။ ထိခိုက်ဒဏ်ရာရတာကမသိရသေးဘူး။ မေးနေတုန်းပဲဟုတ်တယ်” ဟုပြောသည်။

တိုက်လေယာဉ်သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသောကြောင့် တဲတစ်လုံးပျက်စီးသွားပြီး အခြားထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးကြောင်း အခြားကေအိုင်အေသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“သူတို့ရဲ့လေယာဉ် သုံးစီးနဲ့ တစ်စီး သုံးကြိမ်ဆီလာချသွားတာဟုတ်တယ်။ ရှေ့တန်းက တဲတစ်လုံးတော့ပျက်စီးသွားတယ်ကြားတယ်။ တခြားကဘာမှမကြားရသေးဘူး။ ဘာမှမဖြစ်ဘူးလို့လည်းပြောတယ်” ဟုပြောသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှု၏ နောက်ဆက်တွဲအခြေအနေကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ကလည်း အဆိုပါဖားကန့်အခြေစိုက် တပ်မဟာ (၉)၊ တပ်ရင်း (၆) တပ်စခန်းကို တံတားဦးလေဆိပ်မှ တက်လာသည့် တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးလေးလုံးကြဲသွားကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – စစ်ကောင်စီတိုက်လေယာဉ်နှစ်စီးကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ