စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီစစ်ကြောင်း ယနေ့ နံနက် လေးနာရီခန့်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကျေးရွာစုစုပေါင်း ၂၀ ခန့် လူဦးရေစုစုပေါင်း သုံးသောင်း ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ထက်မနည်း ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေသောကြောင့် သက်ကြီးရွယ်အိုများကို ထမ်းစင်များဖြင့် သယ်ဆောင်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“အဓိက ဒုက္ခရောက်တာကတော့ အဖိုးအိုတွေနဲ့ ကလေးတွေပေ့ါ။ တချို့ဆိုရင် ဆိုင်ကယ်ပေါ်မှာ တင်စီးလို့မရလို့လေ။ အိပ်ယာခင်း၊ စောင်လေးတွေကို ဝါးလုံးပတ်ပြီး ထမ်းစင်လုပ်ပြီးတော့ ထွက်ပြေးရတဲ့ အဖိုးအို အဖွားအိုတွေလည်း အများကြီးပါပါတယ်” ဟုပြောသည်။

ဒေသခံပြည်သူများ နံနက် အစောပိုင်းမှစပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသောကြောင့် လက်ရှိအချိန်ထိ မည်သည့်အစားအစာမှ မစားသောက်ရသေးကြောင်း အင်းပတ်ကျေးရွာမှ စစ်ရှောင်အမျိုးသားတစ်ဦးကပြောသည်။

“စစ်ကောင်စီတွေက တံတားပေါ်ရောက်လာပြီဆိုကတည်းက ကျွန်တော်တို့ကထွက်ပြေးရတော့တာ။ ဘာလို့ဆိုရင် လက်နက်ကြီးတွေက ကျွန်တော်တို့ ခေါင်းပေါ်ကနေ ရွာနီးနီးကို ကျမလိုဖြစ်နေပြီ။ အဲ့ကြောင့် လွတ်တဲ့နေရာကိုရှောင်ရတော့တာဗျ။ ရာသီဥတုကလည်းပူတော့ နေပူကြီးထဲမှာပဲ ပြေးကြ ရှောင်ကြရတယ်ဗျ။ ထမင်းကတော့ စားစရာဘာမှမရှိဘူးဗျ။ ခုထိဘာမှမစားရသေးပါဘူးဗျ။ ဆိုင်ကယ်နဲ့ပြေးတဲ့သူကျလည်း ဆီတွေပျက်လို့။ ကျွန်တော်တို့ခြေကျင်ပြေးတဲ့သူတွေကလည်း အဲ့လိုပါပဲ။ ကလေးတွေလည်း ကြာရင် နှလုံးရောဂါရနေနိုင်တယ်ဗျ။ ဘာလို့ဆိုရင် မနက်တည်းက မိဘတွေမှာ အထုတ်တွေသယ် ကလေးတွေက ဟိုလိုက်ဒီလိုက်နဲ့။ လက်က အထုတ်ကပိုက်ထားရနဲ့ လက်တစ်ဖက်ကတော့ ကလေးကို ရင်ဝယ်ပိုက်ပြီး ပြေးရတာပါဗျ။ လူအုပ်ကြီးပြေးလန့်တကြားဆိုတော့ လမ်းကလည်းကျဉ်းတဲ့အခါကျ ဆိုင်ကယ်တွေနဲ့တိုက်တာ ခလုတ်မိပြီး ပွန်းမိတာ တိုက်မိပြီး ဒဏ်ရာရတာတွေလည်းများကြီးပါပဲ” ဟု ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသောကျေးရွာများမှာ ရွာသစ်အနောက်ကျေးရွာ၊ အင်ဒိုင်းလေး တောင်ရွာ နှင့် မြောက်ရွာ၊ သရက်ပင်စုကျေးရွာ၊ မကြီးအုပ်ကျေးရွာ၊ မင်းတောင်းကျေးရွာ၊ အင်းပတ်ကျေးရွာ၊ မြကန်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ မုံတောကျေးရွာ၊ မှန်တော်ကျေးရွာ၊ အောင်သာ‌ကျေးရွာ၊ အင်းပေါက်ကျေးရွာ၊ ကျွန်းလည်ကျေးရွာ၊ ညောင်ပင်ကြီးစု၊ မရမ်းအင်းကျေးရွာ၊ ကြီးအိုင်ကျေးရွာ၊ ကျွန်းဆွယ်ကျေးရွာ တို့ဖြစ်သည်။

အဆိုပါ ကျေးရွာများရှိ ဒေသခံများသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၂၀ ကြိမ်ထက်မနည်း ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ခင်ဦးမြို့နယ်တွင် ကျေးရွာစုစုပေါင်း ၅၉ ခု ရှိပြီး အိမ်ထောင်စုအရေအတွက် သုံးသောင်းကျော်နှင့် လူဦးရေစုစုပေါင်း တစ်သိန်းကျော်နေထိုင်သည်။

သတင်း – Ma Di

ဓါတ်ပုံ – ခင်းဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

 

သင့်ထင်မြင်ချက်ရေးပေးပါ