စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာနှစ်ရွာမှ စစ်ရှောင်ပြည်သူများ အမိုးအကာနှင့် စားနပ်ရိက္ခာ အကူအညီများလိုအပ်နေကြောင်းသိရသည်။

စစ်ကောင်စီတပ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကလေးမြို့နယ်တောင်ပိုင်းရှိ ဒေသခံပြည်သူများ အမိုးအကာနှင့် စားနပ်ရိက္ခာ အရေးပေါ်အကူညီများ လိုအပ်နေကြောင်း ကလေးမြို့နယ်တောင်ပိုင်း စစ်ရှောင်ကူညီရေး တာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“မိုးကာတွေလိုမယ်။ ရိက္ခာတွေလိုမယ်၊ နောက်တစ်ခုကတော့ ဆေးဝါးပေါ့နော်။ ခုထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေက စစ်ကောင်စီတပ် စခန်းနှစ်ခုကြားမှာရှိတဲ့ ပုံစံရှိနေတယ်လေ။ ဆက်ပြီးနေထိုင်မယ်ဆိုရင်လည်း စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့်မို့ ပြည်သူတွေထိခိုက်တာလည်းများတယ်လေ။ ဒါကြောင့် မနေထိုင်ရဲကြတော့လို့ ကျွန်တော်တို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတာပေါ့” ဟုပြောသည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ လူသားချင်းစာနာထောက်ထားမှုအဖွဲ့က ပြည်တွင်းပြည်ပမှ ရရှိသည့်အလှူငွေများဖြင့် စစ်ရှောင်များ၏ အခက်အခဲကို ကူညီဖြေရှင်းပေးနေသော်လည်း လောက်ငှမှု မရှိကြောင်း သူကပြောသည်။

ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူ လေးထောင်ခန့်ရှိပြီး အများစုမှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြောင်း သိရသည်။

ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ရှောင်ပြည်သူများကို ကူညီလိုပါက https://www.facebook.com/profile.php?id=100072238166904 ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်သည်။

သတင်း – Nan Non

ပုံ – Thu Rain

သင့်ထင်မြင်ချက်ရေးပေးပါ