ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ‌ဒေါတမကြီးကျေးရွာအုပ်စုအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ သုံးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ – ၅၁၆) (ခမရ – ၅၁၅)၊ ခြေလျင်တပ်ရင်း (ခလရ – ၁၂) (ခလရ – ၈၀) တို့ ပြီးခဲ့သည့် မတ်လမှစတင်ကာ အထိုင်ချထားသော စခန်းကို ဧပြီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကရင်နီပူးပေါင်းတပ်ဖွဲ့များက သုံးရက်တာ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnMIC) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“ဒီမှာ အများဆုံးကျသွားတာက ခမရ ၅၁၆ လေ။ ကျွန်တော်တို့ဘက်က စစ်ကောင်စီစခန်းတွေကို သွားတိုက်တာ။ စခန်းကတော့ နှစ်ခုပေါ့။ ဒါပေမဲ့ တစ်ခုပဲ သူတို့ (စစ်ကောင်စီ) တွေဆုတ်ပြေးသွားတယ်။ စခန်းကနေ ရွာတွေထဲကို ဆုတ်ပြေးသွားတယ်‌ပေါ့။ အဲ့ဒီနေ့လယ်မှာရော တိုက်လေယာဉ်လာတယ် လာပစ်သွားတယ်။ သုံးရက်စလုံး လာပစ်သွားတာ။ ရွာထဲက နေအိမ်တွေတော့ မီးလောင်ပြီး ပျက်စီးသွားတယ်ပေါ့” ဟုပြောသည်။

စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဒေါညေးခူကျေးရွာသို့ လေးကြိမ်ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ နေအိမ် လေးလုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သူက ဆက်ပြောသည်။

ကရင်နီတပ်မတော် (KA) မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်များ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

ကျဆုံးသွားသော ကရင်နီတပ်မတော် (KA) မှ ရဲဘော်သည် မည်သူမည်ဝါဖြစ်ကြောင်းကို မသိရသေးပါ။

အဆိုပါ စစ်ဆင်ရေးကို ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် လွိုင်ကော် PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် မတ်လက စပြီး ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်၊ ဒီး‌မော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်သို့ စစ်မျက်နှာငါးခုဖွင့်ကာ စစ်ကြောင်း ၁၂ ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – KNIC

သင့်ထင်မြင်ချက်ရေးပေးပါ