အရပ်သားများ အစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ယမန်နေ့ ည ၈နာရီခန့်က စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အင်အားတစ်ရာကျော်ပါဝင်သည့် စစ်ကြောင်းနှစ်ခုသည် ပဇီကြီးကျေးရွာသို့ ဦးတည်ပြီး စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေရခြင်းဖြစ်သည်ဟု ကန့်ဘလူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကန့်ဘလူကထွက်တဲ့ စစ်ကြောင်းကတော့ လှုပ်ရှားပြတယ်လို့ ကျွန်တော်တို့က ယူဆတယ်။ အရှေ့ဘက် (စပါယ်နဂိုရ်ရွာ)က ဦးတည်လာတဲ့စစ်ကြောင်းက ပဇီရွာကိုဦးတည်တာပေါ့။ နယ်မြေရှင်းလင်းရေးလုပ်မယ်လို့ ထင်မြင်ရတာပေါ့” ဟုပြောသည်။

အဆိုပါစစ်ကြောင်းနှစ်ခုသည် ကန့်ဘလူမြို့မှထွက်ခွာလာသည့် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၆၁) တပ်နှင့် မန္တလေးတိုင်း၊ စပါယ်နဂိုရ်ကျေးရွာမှ ထွက်ခွာလာသည့် တပ်မ (၈၈) လက်အောက်ခံ စစ်ကြောင်းများဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းများချီတက်လာသည့် လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများနှင့် ပဇီကြီးကျေးရွာအနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စစ်ကြောင်းက မနေ့က ဗြုန်းစားကြီး ဝင်လာတော့ ပဇီ(ရွာ) လည်း ပြေးပြီ။ မလည်(ရွာ)လည်းပြေးပြီ။ အကုန်ပြေးကြပြီ။ အခုဟာက တစ်ကြောင်းထဲဝင်တာမဟုတ်ဘူး။ ကန့်ဘလူဘက်ကလည်း ဝင်လာပြန်တာလေ။ နှစ်ကြောင်းညှပ်မယ့် ပုံစံမျိုးပေါ့” ဟုပြောသည်။

လက်ရှိ ပဇီကြီးကျေးရွာအနီးတစ်ဝိုက်ရှိ ကျေးရွာဆယ်ရွာမှ ဒေသခံပြည်သူနှစ်ထောင်ကျော်မှာ စစ်ကြောင်းလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းများ ဦးတည်နေသည့် ပဇီကြီးကျေးရွာတွင် ပြီးခဲ့သည့် ဧပြီလ ၁၁ရက်နေ့က ဒေသန္တရအုပ်ချုပ်ရေးရုံးဖွင့်ပွဲပြုလုပ်နေစဉ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်များအပါအဝင် အရပ်သားပြည်သူ ၁၆၈ ဦးသေဆုံးခဲ့သည်။

သေဆုံးသူများတွင် အသက်၁၈နှစ်မှ ခြောက်လအရွယ်ကြား ကလေး ၄၀ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်များပါဝင်ခဲ့သည်။

သတင်း- Yu San

ဓာတ်ပုံ- ပဇီကြီးလေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း။

 

သင့်ထင်မြင်ချက်ရေးပေးပါ