ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်ရှိ ဖယ်ခုံမြို့နယ်အတွင်း စစ်ရှောင်စခန်းတစ်နေရာတွင် သောက်သုံးရေအခက်အခဲကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ဆောင်ရန် အခက်အခဲကြုံတွေ့နေရကြောင်း စစ်ရှောင်များထံမှ သိရသည်။

ဖယ်ခုံမြို့နယ် ဘန်ကောက်ကျေးရွာရှိ စစ်ရှောင်စခန်းတွင် သောက်သုံးရေခက်ခဲမှုကြောင့် တစ်ရက်လျှင် ထမင်းဟင်းချက်ပြုတ်ရန်နှင့် သောက်ရေအတွက် လေးဂါလံဆန့် ရေပုံးတစ်ပုံး နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် လူတစ်ဦးလျှင် တစ်ရက်ကို ခြောက်လီတာဆန့် ရေတစ်ပုံးစသည်ဖြင့် ကန့်သတ်ကာ ချွေတာအသုံးပြုနေရသည်ဟု စစ်ရှောင်စခန်း ကော်မတီဝင် အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်မတို့ စစ်ရှောင်မှာကျတော့ လူတအားများတော့ ကျွန်မတို့က ချွေတာသုံးရတယ်။ ခုက နွေရာသီဖြစ်တော့ကျ ရေလုံလောက်မှုသိပ်မရှိဘူး။ ရေချိုးတာတွေကို ချွေတာပြီးတော့မှ သောက်သုံးဖို့အတွက် အဓိကထားလိုက်တော့ကျ ခြေလက်ဆေးဖို့ဆိုရင် မျက်နှာသစ်တဲ့ရေကိုဆိုရင် ပြန်ယူထားပြီးတော့ ခြေလက်ဆေးခိုင်းလိုက်တယ်။ ပြီးတော့ အိမ်သာရေအတွက်ဆိုရင် အဝတ်လျှော်ထားတဲ့ရေကို အိမ်သာရေပြန်သုံးလိုက်တယ်ပေါ့နော်။ အဲ့လိုပဲ တစ်ဆင့်ပြီးတစ်ဆင့်သုံးတယ်။ ပြီးရင် အိမ်သာတက်ပြီးတော့ လက်ဆေးဖို့ရေဆိုပြီး သီးသန့်လည်းမထားနိုင်ဘူးပေါ့။ မနက်ပိုင်းတောင် မျက်နှာပဲသစ်ခိုင်းတာ ခြေလက်မဆေးခိုင်းဘူး။ လူတိုင်းက ကိုယ့်ရေပုံးနဲ့ ကိုယ်ပေါ့ချွေတာသုံးရတာ” ဟု ပြောသည်။

လူတစ်ဦးရေချိုးရန် ဆယ့်နှစ်လီတာ ပုံးတစ်ပုံးဖြင့် တစ်ပတ်လျှင်တစ်ကြိမ်မျှ အသုံးပြုနိုင်ကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းမရှိသောကြောင့် ရေဝယ်ယူအသုံးပြုရန်ခက်ခဲခြင်းဖြစ်သည်ဟု ဘန်ကောက် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“ရေက တကယ်အရမ်းခက်တာပေါ့။ တစ်ပတ်မှာ လူတစ်ယောက်ကို ရေတစ်ခါပဲ ချိုးခွင့်ပေးတာ။ ရေပုံးတစ်ပုံးနဲ့ပဲ အပြီးချိုးရတာ‌ပေါ့နော်။ သောက်တဲ့ရေပုံးတစ်ပုံးလောက်နဲ့ပဲချိုးရတာလေ” ဟုပြောသည်။

စစ်ရှောင်စခန်းအတွင်းရှိ စစ်ရှောင်ပြည်သူအားလုံး သောက်သုံးရေရရှိနိုင်ရန်အတွက် ရေပိုက်ဖြင့် တစ်ယူနစ်လျှင် ၂၀၀၀ ကျပ်ပေးကာ ရေတစ်ခါဖြည့်စွက်ပါက ကုန်ကျငွေ ငါးသိန်းခန့် ပေးဆောင်ရပြီး တစ်ပတ်ကို နှစ်ကြိမ် ရေဖြည့်ရကြောင်း သိရသည်။

တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းလာသောကြောင့် စစ်ရှောင်များ ကျန်းမာရေးထိခိုက်လာမည်ကို စိုးရိမ်နေရကြောင်း စစ်ရှောင်စခန်း ကော်မတီဝင် အမျိုးသမီးကဆိုသည်။

“နောက်ကျရင် ဝမ်းပျက်ဝမ်းလျှောတွေ ဖျားတာနာတာတွေ ဖြစ်လာမှာလည်းစိုးရိမ်နေရတယ်ပေါ့နော်။ အဲ့တစ်ခုကိုတော့ အရမ်းစိုးရိမ်တာဟုတ်တယ် ဒါပေမဲ့လဲ သုံးစရာရေကမရှိ‌တော့လေ။ ဖြစ်နိုင်ရင် ရေလှူနိုင်တဲ့သူ ဘယ်အဖွဲ့အစည်းမဆို လှူပေးပါလို့ပြောချင်တယ်ပေါ့” ဟုပြောသည်။

ဘန်ကောက်စစ်ရှောင်စခန်းတွင် အိမ်ထောင်စုအရေအတွက် ၆၈ စုနှင့် လူဦးရေစုစုပေါင်း နှစ်ရာကျော် နေထိုင်ကြောင်းသိရသည်။

ဖယ်ခုံမြို့နယ် ဘန်ကောက်စစ်ရှောင်စခန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်နယ်စပ်အတွင်း တိုက်ပွဲများပြင်းထန်လာသောကြောင့် စစ်ရှောင်များ ခိုလှုံရာမှ စတင်ဖြစ်ပေါ်လာသော စစ်ရှောင်စခန်းဖြစ်သည်။

သတင်း – Ma Di

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ