စစ်ကောင်စီစစ်ကြောင်းက ဖားကန့်မြို့နယ်၊ ကပ်မှော်ဇွပ်ကျေးရွာနှင့် ဆိုင်းဖရာကျေးရွာမှ ကလေး၊ သက်ကြီးရွယ်အိုများအပါအဝင် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်းကို ယနေ့ နံနက် လေးနာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် နန့်ယားကျေးရွာမှ စစ်ကြောင်းထိုးလာပြီး လမ်းတစ်လျှောက်ရှိ ကပ်မှော်ဇွပ်ကျေးရွာနှင့် ဆိုင်းဖရာကျေးရွာမှ အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့တောင် ရှောင်နေရတယ်။ တောဘက်မှာ နေနေတာ။ စစ်တပ်တွေ ဟိုးအထက်ဘက်ကိုတက်သွားပြီ။ အဲ့က ဆိုင်းဖရာ(ရွာ)နဲ့ ကျွန်တော်တို့ ကပ်မှော်(ရွာ)ဘက်က ပြည်သူတွေကို ခေါ်သွားကြတယ်။ တွေ့သမျှ လူတွေကို အကုန်ခေါ်သွားတာ မိန်းမ၊ ယောက်ျား၊ ကလေးတွေရော၊ သက်ကြီးရွယ်အိုတွေရော အဲ့နား ဖြတ်သွားသမျှအားလုံးကို ခေါ်သွားတာ” ဟုပြောသည်။

ဖမ်းဆီခံရသူများမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်းသူက ဆက်ပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ဆိုင်းဖရာကျေးရွာအနီးတွင် ယနေ့ နံနက်အစောပိုင်းက ခရီးသည်တင်ကားများကို တားဆီးခဲ့ပြီး ဖားကန့်ဘက်သို့တက်သွားကြောင်း ကားဆရာတစ်ဦးက ပြောသည်။

“ဆိုင်းဖရာ(ရွာ)ဘက်မှာတော့ ဒီနေ့တားထားတယ်။ ကျန်တာတော့ သေနတ်သံကြားတယ်ဆိုတာ နှစ်ဖက်ပစ်တာတော့ မဟုတ်ဘူး။ သူတို့က စစ်ကြောင်း ချိန်းတာလေ။ သူတို့က ဖားကန့်ဘက်ကိုလာတဲ့ ချိန်ကြတော့ သတိပေးတဲ့ အနေနဲ့ ပစ်တာပေါ့။ ဆိုင်းဖရာဘက်က လူတွေရောပြေးနေရတယ်တဲ့၊။ အမှန်ကတော့ ပေါ်တာခေါ်တာပေါ့” ဟုပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းထိုးလာသဖြင့် ကပ်မှော်ဇွပ်ကျေးရွာနှင့် ဆိုင်းဖရာကျေးရွာမှ ဒေသခံအချို့ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရသည်။

ကပ်မှော်ဇွပ်ကျေးရွာနှင့် ဆိုင်းဖရာကျေးရွာပါဝင်သော ကပ်မှော်ဇွပ်ကျေးရွာအုပ်စုသည် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၄၈၀ ခန့်ရှိပြီး ဖားကန့်မြို့နှင့် နန့်ယားကျေးရွာအကြားတွင်တည်ရှိသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က ဓမ္မဆရာများအပါအဝင် နန့်ယားကျေးရွာဒေသခံပြည်သူ ၅၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့က လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

ပုံ – CJ

 

သင့်ထင်မြင်ချက်ရေးပေးပါ