စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ မန်စိမ်းကျေးရွာအနီးတွင် ယနေ့ နံနက် ငါးနာရီခန့်က စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်စွဲထားသည့် တပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းကာ အင်အားတစ်ရာကျော် တပ်စွဲထားသည့် စခန်းတစ်ခုကို KIA ကသွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဆယ်ဇင်းဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့စစ်စခန်းက အရင်ကတည်းက KIA တွေ သိမ်းထားပြီးသား။ သူတို့ ထိုင်ထားပြီးသားနေရာ သူတို့တွေ ခဏဆုတ်လိုက်တာပေါ့နော်။ သူတို့ဆုတ်လိုက်တဲ့အခါ ရှမ်းနီတွေ (SNA) တွေပြန်လာထိုင်တော့ ဒီမနက်ပြန်သွားတိုက်တာ” ဟုပြောသည်။

တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၇ နာရီခန့်တွင် စခန်းကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်ဟု မြေပြင်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဂိတ်ရော စခန်းရော သိမ်းတာ။ မီးရှို့ဖျက်ဆီးတာမျိုးတော့မရှိပါဘူး။ ဘာမှမရှိပါဘူးအဲ့မှာ မိုးကာနဲ့ တဲအစုတ်တွေပဲ” ဟုပြောသည်။

အဆိုပါတပ်စခန်းသည် ဆယ်ဇင်းကျေးရွာမှ ကားဖြင့်တစ်နာရီကြာသွားရသည့် မန်စိမ်းကျေးရွာအနီးတွင်တည်ရှိပြီး ဆယ်ဇင်း- ဟုမ္မလင်းနှင့် ဗန်းမောက်မြို့နယ်ကို ချိတ်ဆက်ထားသည့် လမ်းပိုင်းတွင်တည်ရှိကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက် အကျအဆုံးကို  The 74 Media က မသိရှိရသေးပါ။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ရက်နေ့ကလည်း ဟုမ္မလင်းမြို့နယ်၊ ရွှေတွင်းကျေးရွာအနီးရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်စခန်းနှစ်ခုကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

သတင်း- Yu San

ဓာတ်ပုံ- ကေအိုင်အေတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ