ပူတာအိုမြို့နယ်၊ ဖုန်ကန်ရာဇီရေခဲတောင်ခြေရှိ ဇီယာဒမ်းကျေးရွာတွင် မိုင်းဖုန်းဆရာတော်က စေတီတော်တည်ဆောက်မည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်က ကချင်ပြည်နယ်သို့ ယခုရက်ပိုင်းအတွင်းကြွလာပြီးသည့်နောက် ဖုန်ကန်ရာဇီရေခဲတောင်ခြေတွင် စေတီတည်မည့်သတင်းများထွက်ပေါ်လာခဲ့သဖြင့် စိုးရိမ်ခြင်းဖြစ်သည်ဟု ပူတာအိုဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့ဒီဘက်မှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်မှ မရှိတဲ့နေရာ ဟုတ်တယ်၊ ခရစ်ယာန်ဘာသာဝင်တွေပဲ ရှိတယ်၊ စေတီတည်မယ်ဆိုတဲ့ ရည်ရွယ်ချက်က ဗုဒ္ဓဘာသာဝင်တွေ ပိုများလာအောင် မြေနေရာလည်း သူတို့ ပိုင်ဆိုင်ချင်တဲ့ သဘောရှိတယ်။ ဘယ်သူမှ မရှိတဲ့နေရာမှာ စေတီတည်မယ်ဆိုတော့ စောင့်ကြည့်မဲ့သူလည်း မရှိဘူး။ ကိုးကွယ်မဲ့သူလည်း မရှိတဲ့နေရာဆိုတော့ နယ်မြေစိုးမိုးချင်တဲ့ သဘော၊ စေတီတည်ပြီဆိုရင် ဘေးပတ်ပတ်လည် နေရာတွေကိုလည်း သူတို့ရဲ့ နေရာဆိုပြီး သတ်မှတ်ဖို့ ရည်ရွယ်တာပဲလို့ မြင်တယ်” ဟု ပြောသည်။

စေတီတည်မည့်နေရာအတိအကျမသိသော်လည်း အကယ်၍ဗုဒ္ဓဘာသာဝင်မရှိသည့် နေရာတွင် စေတီတည်ထားကိုးကွယ်မည်ဆိုပါက ဒေသခံများနှင့် ပဋိပက္ခဖြစ်လာနိုင်သည်ဟု အခြားဒေသခံတစ်ဦးက ဆိုသည်။

“စေတီတည်မှာ ဟုတ်တယ်လို့တော့ မပြောနိုင်ဘူး၊ ဆရာတော်အာရုံပြုပြီး အာရုံရရင်တော့ သူရဲ့တရားအရပဲ သုံးရက် အဓိဋ္ဌာန်ဝင်မယ်ဆိုတော့ အဲ့ဒီနောက်မှ သိရမှာ။ တကယ်လို့ စေတီတည်ရမယ်ဆိုပြီး မိန့်လာရင်တော့  ပြဿနာတော့ ကြီးလာနိုင်တယ်။ ဒီတိုင်းပဲ အဓိဋ္ဌာန်ဝင်ပြီး ပြန်သွားရင်တော့ ပြဿနာမရှိဘူး” ဟု ပြောသည်။

မိုင်းဖုန်းဆရာတော်က စေတီတော်တည်ဆောက်မည်ဆိုသော သတင်းမှာ သတင်းအမှားဖြစ်ပြီး ဇီယာဒမ်းတောင်တွင် သုံးရက် အဓိဋ္ဌာန်ဝင်ရန် သွားရောက်ခြင်းဖြစ်ကြောင်း မချမ်းဘော့မြိုနယ်၊ မန်ခွတ်သာသနာပြုကျောင်းမှ သံဃာတော်တစ်ပါးက The 74 Media ကို မိန့်ကြားသည်။

“သတင်းမှားပါတယ်။ ဆရာတော်က စေတီတည်ဖို့မပြောပါဘူး။ အဲ့တောင်မှာစောင့်တဲ့ တောင်စောင့်နတ်က ဆရာတော်ကို ပင့်တာပါ၊ ဆရာတော်ကအဲ့ဘက်ကြွပြီး သုံးရက်အဓိဋ္ဌာန် မေတ္တာပို့၊ တရားထိုင်ဖို့ သွားတာပါ” ဟု မိန့်ကြားသည်။

မိုင်းဖုန်းဆရာတော်ကို လွန်ခဲ့သောသုံးနှစ်က ခမ်းတီးလုန်ဒေသမှသံဃာတော်များက ရှမ်းပြည်နယ်သို့ သွားရောက်ပင့်ဆောင်ထားသောကြောင့် ကြွရောက်လာခြင်းဖြစ်ကြောင်း သူက မိန့်ကြားသည်။

ကချင်ပြည်နယ်သို့ ယခုရက်ပိုင်းအတွင်း ကြွလာခဲ့သည့် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် မိုးညှင်း၊ မိုးကောင်း၊ ပူတာအိုမှ တစ်ဆင့် မြစ်ကြီးနား၊ ဝိုင်းမော်သို့ ကြွရောက်မည်ဖြစ်ပြီး ပူတာအိုဒေသတွင် အဓိဌာန်ဝင်မည့်သတင်းနှင့်အတူ စေတီတည်မည်ဆိုသည့် သတင်းများ ဖေ့စ်ဘုတ်လူမှုကွန်ရက်အသုံးပြုသူများအကြား ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီး ဒေသခံများက ပြင်းပြင်းထန်ထန်ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အိမ်ခြေ ၃၀ ကျော်ရှိသည့် ဇီယာဒမ်းကျေးရွာသည် ဖုန်ကန်ရာဇီရေခဲတောင်တက်လမ်းတစ်လျှောက်မှ နောက်ဆုံးကျေးရွာဖြစ်ပြီး ပူတာအိုမြို့နှင့် ၃၁ ကျော် မိုင်ကွာဝေးကာ ဆိုင်ကယ်ဖြင့် လေးနာရီကျော် မောင်းနင်ရသည်။

ပူတာအိုမြို့နယ်တွင် သမိုင်းဝင် ကျောက်နဂါး၊ ဒေသခံများတန်ဖိုးထားသည့် နတ်ကျွန်းစသည့်နေရာများတွင် ဒေသခံများ၏ ကန့်ကွက်မှုများကြားမှ စေတီများတည်ထားကိုးကွယ်ခဲ့သည့်အပြင် အခြားနေရာများတွင်လည်း စေတီပုထိုးများတည်ထားခဲ့သဖြင့် ဘာသာရေးအရနယ်မြေချဲ့ထွင်ခြင်းဖြစ်သည်ဟု ကချင်ဒေသခံများက စွပ်စွဲကြသည်။

သတင်း – Pan Soon၊ Dureng

ဓါတ်ပုံ – Sao Su Kham facebook

သင့်ထင်မြင်ချက်ရေးပေးပါ