စစ်ကောင်စီတပ်က ထောင်ဒဏ် (၆) နှစ်ချမှတ်ခံထားရသည့် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် ယနေ့လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်က နှစ်ဆန်း (၁) ရက်နေ့လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသား ၃၀ ထက်မနည်းကို လွတ်ပေးခဲ့သော်လည်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်းဖြစ်သူ ပါဝင်ခဲ့ခြင်းမရှိပါဟု KBC သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ကတော့ သွားစောင့်ခဲ့တာပေါ့နော်။ ဒါပေမဲ့ မပါခဲ့ပါဘူး။ မိသားစုတွေနဲ့ အတူတူ သွားခဲ့တာဟုတ်တယ်။ ကျွန်တော်တို့ခုက ဒီလိုနေ့လိုမျိုး တစ်နေ့နေ့ ပြန်လွတ်ပေးမယ်လို့ မျှော်လင့်ထားသလို ဆရာကြီးကိုလည်း ပြန်လွတ်ဖို့ အဆုံးထိ ကြိုးစားသွားပါမယ်” ဟုပြောသည်။

ကချင်စစ်ဘေးရှောင် (IDPs) များ နေရပ်ပြန်နိုင်ရေးတွင် ဦးဆောင်နေသော ဒေါက်တာခလမ်ဆမ်ဆွန် လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်လာခြင်းမရှိသည့်အတွက် ဝမ်းနည်းမိကြောင်း ဂါးရာယန်နေရပ်ပြန်စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။

“ဒီနေ့တော့ ဆရာကြီး လွတ်ကိုလွတ်လာမယ်ဆိုပြီးတော့ပဲ မျှော်လင့်ထားတဲ့ဟာကို။ စိတ်လည်းမကောင်းဘူး စိတ်တိုချင်တယ်‌။ ဒေါသထွက်တယ်။ တကယ်ကောင်းမွန်တဲ့ အလုပ်လုပ်နေတဲ့ သူတွေအတွက်က စစ်တပ်က အမြဲ စိုးရိမ်စရာတွေ ဖြစ်စေတယ်လို့ခံစားရတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့တွင် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားအကျဉ်းထောင်တွင်း အထူးတရားရုံးတွင် မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)ဖြင့်‌ ထောင်ဒဏ်နှစ်နှစ်၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် တစ်နှစ်၊ အကြမ်းဖက်ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် သုံးနှစ် စုစုပေါင်း ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခဲ့သည်။

သိက္ခာတော်ဆရာ ဒေါက်တာခလမ်ဆမ်ဆွန်သည် KBC ၏ အတွင်းရေးမှူးအဖြစ် ရှစ်နှစ်၊ ဥက္ကဌအဖြစ် လေးနှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင်လည်း ယင်းအဖွဲ့၏အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားသူဖြစ်သည်။

စစ်ကောင်စီက မြန်မာတစ်နိုင်ငံလုံးမှ အကျဉ်းသူ/သား (၁၀၃၅) ဦးတို့ကို ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာ ခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းမီဒီယာများတွင် ဖော်ပြထားပြီး မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသား ၃၀ ခန့်ပြန်လည်လွတ်မြောက်ခဲ့သည်။

သတင်း – Ma Di

ပုံ – KBC kachin

သင့်ထင်မြင်ချက်ရေးပေးပါ