ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာအနီးတွင် ယမန်နေ့ ည ၇ နာရီခွဲခန့်က ဥရုချောင်းအတွင်း မျောပါလာသည့် ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြောင်းသိရသည်။

ဆန်းကြွယ်ကျေးရွာနှင့် ယူမာကျေးရွာသွားသည့် ဒေသအခေါ် ဥရုချောင်းတံတားအောက်တွင် မျောပါလာသော အမျိုးသားတစ်ဦး၏ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ပုတ်ပွနေပြီ၊ လူခွဲခြားလို့မရတော့ဘူး။ ခန္ဓာကိုယ်ကြီးက ပုပ်ပွနေတာ။ အလောင်းကတော့ လောက်တွေရော ဘာတွေရောတက်နေတာ” ဟုပြောသည်။

သေဆုံးသူမှာ အမျိုးသားတစ်ဦးဖြစ်ပြီး မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိရကြောင်းနှင့် ဆိပ်မူကျေးရွာရှိ သုဿာန်တွင် မြေမြုပ်သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း ဒေသခံအမျိုုးသားတစ်ဦးက ပြောသည်။

“ဥရုချောင်းအထက်ဘက်ကမျောပါလာတာ။ ဘယ်ကအလောင်းမှန်းလည်းမသိရလို့လေ။ အလောင်းကတော့ ပိုင်ရှင်မဲ့ဆိုတော့ ကောင်းကောင်း မြေမြုပ်သင်္ဂြိုလ်ပေးလိုက်တာပေါ့။ သေဆုံးတဲ့သူမှာ ဒဏ်ရာဒဏ်ချက်တော့မရှိဘူး။ ရိုက်ထားတဲ့ ဒဏ်ရာလား ကျောက်ခဲတွေနဲ့ ပွတ်ထားတဲ့ ဒဏ်ရာလားပဲပါတာ” ဟုပြောသည်။

မည်သည့်အကြောင်းအရာကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ကို မသိရှိရကြောင်း သူကဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နေ့က ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာအုပ်စု ကျောက်သွေးတောင်အနီးတွင် သတ်ဖြတ်ခံထားရသည့် ပိုင်ရှင်မဲ့ ရုပ်အလောင်းနှစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

သတင်း – Nan Non

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ