ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအနီးတွင် ယမန်နေ့ ညနေ လေးနာရီခန့်က စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိသည့်အတွက်ကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ကညှင်မြိုင်ကျေးရွာနှင့် ဆားမှော်ကျေးရွာကြားရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၈၃) တပ်အနီးတွင် ဆိုင်ကယ်စီးနင်းလာသည့် ခရီးသွားအမျိုးသားတစ်ဦး အပေါ့သွားစဉ် မိုင်းနင်းမိခဲ့သောကြောင်း ဆားမှော်ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တနိုင်းဘက်ကပြန်လာတဲ့ သားအဖနှစ်ဦး ၃၈၃ တပ် ညောင်ပင်နားအရောက်မှာ ဖခင်ဖြစ်သူကသေးပေါက်ရန် ခြုံနားအသွား တိုက်မိုင်းမိပါတယ်။ သမီးဖြစ်သူက ကားလမ်းဘေးကျန်ခဲ့တယ်” ဟုပြောသည်။

မိုင်းနင်းမိသည့် အမျိုးသားမှာ မိုးကောင်းဆေးရုံတွင် မစိုးရိမ်ရအခြေအနေဖြင့် ဆေးကုသမှု ခံယူနေကြောင်းသိရပြီး ၎င်း၏ သမီးဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လကစပြီး ဆားမှော်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၈၃)တပ်၏ မီတာ နှစ်ရာပတ်လည်တွင် မိုင်းထောင်ထားသည်ဟု သိရှိရကြောင်း မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“စစ်တပ်က သူတို့ဧရိယာရဲ့ ပတ်ချာလည်မှာ မိုင်းထောင်ထားတာပေါ့။ ဒေသခံတွေက သိကြတာပေါ့။ ကြေညာထားတယ်လို့ပြောတာပဲ။ ဒါပေမဲ့ သူတို့က ခရီးသွားတွေဆိုတော့ မသိဘူး” ဟုပြောသည်။

အဆိုပါ စစ်ကောင်စီ ခမရ (၃၈၃)တပ်သည် မြစ်ကြီးနား-ရွှေဘိုကားလမ်းကြီးဘေးတွင်တည်ရှိပြီး ဆားမှော်ကျေးရွာနှင့် ကညှင်မြိုင်ကျေးရွာကြားတွင်တည်ရှိသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က ဆားမှော်ကျေးရွာရှိ ရဲစခန်းအနီးဗုံးပေါက်ကွဲပြီးနောက် ဆားမှော်ခြေလျင်တပ်ရင်း ခလရ (၁၀၅) တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းသွားလမ်းလာ အရပ်သားအမျိုးသားတစ်ဦးကို ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သတင်း- Yu San

သင့်ထင်မြင်ချက်ရေးပေးပါ