ဒိန်ဆိန်းပါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် လူထုအစည်းအဝေးတွင် KIO ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း အစည်းအဝေးတက်ရောက်သူများထံမှ သိရသည်။

ဒေသခံပြည်သူ ၁၆၀၀ ခန့်တက်ရောက်သော မိုင်ဂျာယန်မြို့၊ မနောင်ကွင်းခန်းမတွင် ကျင်းပခဲ့သော အစည်းဝေးတွင် ရုပ်သိမ်းလိုက်သည်ဟု ပြောကြားခဲ့ကြောင်း အစည်းအဝေးတက်ရောက်သူ အင်ပါဘာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီနေ့ ဥက္ကဋ္ဌပြောသွားတာတော့ အများကြီးပဲ၊ အရင်တုန်းက ပြည်သူလူထုအပေါ် မှားခဲ့တာတွေကို အရင်တောင်းပန်တယ်၊ နောက်လည်း လိုအပ်တဲ့နေရာကို ပြည်သူလူထု ထောက်ပြဖို့ ပြောတယ်။ ဒီလုပ်ငန်းကို သူ မလုပ်ဘူး၊ ပြည်သူလူထု ကန့်ကွက်တာကို လုပ်မှာ မဟုတ်ဘူးဆိုပြီး တူးဖော်ရေးလုပ်ငန်း ရုပ်သိမ်းတဲ့အကြောင်း တရားဝင်ကြေညာတာ ဖြစ်တယ် ဆိုပြီး ပြောတယ်” ဟုပြောသည်။

မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း ရုပ်သိမ်းသည်ဟု ပြောကြားပြီးနောက် အစည်းအဝေးတက်ရောက်သည့် ပြည်သူလူထုများက လက်ခုပ်တီးကာ ကခုန်ကြပြီး KIO ဥက္ကဋ္ဌကို ကောင်းချီးပေးဆုတောင်းကာ အစည်းအဝေး အဆုံးသတ်ခဲ့ကြောင်း သူက ပြောသည်။

ဒိန်ဆိန်းပါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း တရားဝင်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း KIO ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက် (KPN)မှ တာဝန်ရှိသူတစ်ဦးက အတည်ပြောဆိုထားသည်။

မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း ရုပ်သိမ်းလိုက်ပြီး ကျိန်းလပ်ပါရှိ ကုမ္ပဏီထွက်ခွာမည့်အကြောင်းကို ယနေ့ အစည်းအဝေးတွင် မပြောကြားခဲ့ကြောင်း အစည်းအဝေးတက်ရောက်သူ အင်ပါဒေသခံ အခြားအမျိုးသားတစ်ဦးက ပြောသည်။

“ကုမ္ပဏီတွေ ထွက်မှာနဲ့ ပတ်သက်ပြီး ဘာမှတော့ မပြောသေးဘူး။ လုပ်ငန်းတရားဝင်ရုပ်သိမ်းလိုက်တာပဲ ပြောတယ်။ ကုမ္ပဏီထွက်ခွာမှာနဲ့ ပတ်သက်ပြီးတော့ တခြား မပြောနိုင်သေးဘူး၊ သူတို့ အဆင်သင့်ဖြစ်တဲ့အချိန် ထွက်ကြမှာပါ၊ နောက်တစ်ရက် နှစ်ရက်နေရင် ပြင်ဆင်မယ် ထင်တယ်” ဟုပြောသည်။

မံစီမြို့နယ် ဒိန်ဆိန်းပါဒေသတွင် မြေရှားသတ္တုတူးဖော်သည့်ကုမ္ပဏီများက မြေများကို စမ်းသပ်မှု ပြုလုပ်မည်ဟုဆိုကာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့က ဒိန်ဆိန်းပါကျေးရွာသို့ ဝင်ရောက်လာခဲ့သည်ဟု သိရသည်။

အဆိုပါစီမံကိန်းကို ဒေသခံပြည်သူများက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့မှ စတင်ကာ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပြီး မြေရှားတူးဖော်ရေးကန့်ကွက်ကော်မတီ၊ ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက အကြိမ်ကြိမ်ဆွေးနွေးပြီးနောက် ယနေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးကို နောက်ဆုံးအစည်းအဝေးအဖြစ် သတ်မှတ်ကာ တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ