မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင် ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။

စီတာပူရပ်ကွက် ဘူးဂါးလျှပ်စစ်ရုံးအနီးတွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်သူ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“လူနာကတော့ အခြေနေဆိုးတယ်၊ ဘယ်ပေါင်တော့ကျိုးသွားတယ်။ ပြီးတော့ညာပေါင်တော့အရေခွံလှန်သွားတယ်၊ နောက်စိလည်းထိထားတယ်။ အခုချိန်ထိသတိမရသေးဘူး၊ လူနာရှင်လည်းမရှိသေးဘူး၊ ကားသမားလည်းတိုက်ပြီးပြေးသွားတယ်၊ ကားကဘာအမျိုးအစားလဲဆိုတာ အတည်မပြုနိုင်ဘူး”ဟုပြောသည်။

လူနာမှာစိုးရိမ်ရသည့် အခြေနေရှိကာ မြစ်ကြီးနားဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး လူနာပိုင်ရှင်ကို ဆက်လက်စုံစမ်းနေကြောင်းသိရသည်။

မြစ်ကြီးနားမြို့၊ ရွက်လှမြိုင်ကျေးရွာ ၃၇ စစ်တပ်ရှေ့တွင်လည်း ယမန်နေ့ညနေ ၄ နာရီခန့်က ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတင်း – Dureng

ပုံ -လူမှုကယ်ဆယ်ရေးအဖွဲ့

သင့်ထင်မြင်ချက်ရေးပေးပါ