တော်လှန်ရေးတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်မည်ကို ထိတ်လန့်ကြောက်ရွံ့သဖြင့် ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာရှိ ဘုရားကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များက အနီးတဝိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရွာအပြင်ရှိ ဘုရားကုန်းပေါ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်က မီးရှို့လိုက်သဖြင့် ယမန်နေ့ညနေအထိ တောင်ကုန်းပေါ်တွင် အရှိန်အဟုန်ပြင်းစွာ လောင်ကျွမ်းနေခြင်းဖြစ်နိုင်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ရွာဘက်ကို ထိခိုက်တာမရှိသေးဘူး။ သူ့ဟာသူလောင်တာ မဟုတ်လောက်ပါဘူး။ တောင်ကုန်းပေါ်မှာ လူတွေဘာတွေကပ်မှာစိုးလို့ တောတွေမီးရှို့တဲ့ သဘောနေမှာပါ။ ဘုရားကုန်းပေါ်ကနေပြီး တော၊ တောင် အကာအကွယ်ယူပြီး အပေါ်တက်မှာစိုးလို့ မီးရှို့တဲ့သဘော။ အခုလည်းလောင်တုန်းပဲ မငြိမ်းသေးဘူး” ဟုပြောသည်။

အဆိုပါဘုရားကုန်းပေါ်တွင် စစ်ကောင်စီတပ်က တပ်စွဲထားသောကြောင့် ဒေသခံပြည်သူများက မီးငြိမ်းသတ်မှုမရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အဲ့မှာ ရဲရော စစ်သားရော။ အဲ့ထဲကတော့ ဝင်လို့မလွယ်ဘူးလေ အရပ်သားပြည်သူက အဲ့နားကပ်လို့မရဘူး။ ဝင်တာနဲ့ အထဲရောက်တာနဲ့ လှမ်းပစ်တာကိုး။ တချို့ကတော့ ရွာမှာတွေရှိတယ်ဆိုရင် သူတို့(KIA၊ PDF) တက်လို့မရအောင် မြင်ရအောင်လုပ်တာမျိုးတွေလည်း ထင်မြင်ယူဆကြတာပါ။ ငြိမ်းလို့ကို မရဘူး” ဟုသူကပြောသည်။

အနီးရှိ ကုမ္ပဏီလုပ်ကွက်များက ဝိုင်းဝန်းမီးငြိမ်းသတ်နေကြသော်လည်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ကမည်သည့်အကြောင်းအရင်းကြောင့် မီးရှို့ဖျက်ဆီးသည်ကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအနီးတွင် တောမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း – Nan Non

 

သင့်ထင်မြင်ချက်ရေးပေးပါ