ဖားကန့်မြို့နယ် လုံးခင်းအုပ်စုရှိ နေအိမ်တန်းလျားတစ်ခုတွင် ဧပြီလ ၁၀ ရက် နံနက် ၄ နာရီခန့်က အမျိုးသမီး ၄၀ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

အောင်သာယာရပ်ကွက် (၂) ရှိ နေအိမ်တန်းလျားနှစ်ခုတွင် ပြည်သူများအိပ်မောကျနေချိန် အိမ်တံခါးများကန်ဖွင့်ကာ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခံခဲ့ရသူ၏ မိသားစုဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ခြောက်ကောင်ဂျင်ခုံတွေမှာ အလုပ်လုပ်ပြီး အဲ့နားမှာပဲ အိမ်ခန်းငှားနေတာ။ ဘာအမှားမှလည်း မလုပ်ထားဘူး။ မိန်းကလေးဆိုတော့ စိတ်ပူတယ်လေ။ ဗမာလူမျိုးဆိုရင်တော့ ပြန်လွတ်ပေးမယ်လို့တော့ ကြားတယ်” ဟုပြောသည်။

အဆိုပါ အိမ်တန်းလျားများရှိ အိမ်ခန်းများတွင် ကျောက်ရှာဖွေသူများနှင့် ခြောက်ကောင်ဂျင်ခုံများတွင် အလုပ်လုပ်ကိုင်သူများ အများဆုံးနေထိုင်ကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသူများမှ အယောက် ၂၀ ခန့်မှာ ယနေ့ နံနက် ၉ နာရီခန့်က ပြန်လည်လွတ်မြောက်လာသော်လည်း ကျန်ကချင်လူမျိုးများကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း အခြားဖမ်းဆီးခံခဲ့ရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ကချင်ဆိုရင်ပြန်မလွတ်တော့ဘူး။ တစ်ခါတည်းခေါ်ထားလိုက်တာ ဘာလူမျိုးလည်းမေးတယ်။ ဗမာရယ် ရှမ်းရယ်ဆိုရင် ပြန်လွတ်ပေးမယ်ပြောတယ်တဲ့” ဟုသူကပြောသည်။

ကချင်အမျိုးသားလွတ်မြောက်ရေးတပ်(KIA) က တပ်သားစုဆောင်းရေးအတွက် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံပြည်သူများက ပြောဆိုနေသောကြောင့် The 74 Media က ဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲဖြစ်သည်။

KIA က လူသစ်စုဆောင်းခြင်းသည် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေကြောင့်ဖြစ်နိုင်သော်လည်း ကချင်သာမက ပြည်နယ်တွင်းရှိအခြားလူမျိုးများလည်း တော်လှန်ရေးတွင်ပါဝင်နိုင်မည့် အခင်းအကျင်းမျိုးဖန်တီးပေးနိုင်ပါက ပိုကောင်းမည်ဟု ကချင်အခြေစိုက် နိုင်ငံရေးသုံးသပ်သူတစ်ဦးက ထောက်ပြသည်။

“KIA က တော်လှန်ရေးလုပ်တာ နှစ်ပေါင်း ၆၀ ကျော်ပြီ။ ကချင်ဒေသမှာ ကချင်ပဲနေတာမဟုတ်ဘူးလေ။ ရှမ်းတွေ၊ ဗမာတွေလည်း ကချင်ဒေသအတွက် ပူးပေါင်းပါဝင်ဖို့လိုတာပေါ့။ ဒီလိုအခြေအနေမျိုးဖြစ်အောင် KIA က ဖန်တီးနိုင်ရင်ပိုကောင်းမယ်။ လူတိုင်းတော်လှန်ရေးမှာပါနိုင်ဖို့ လိုတယ်လေ” ဟုဆိုသည်။

လက်နက်ကိုင်ပဋိပက္ခပိုမိုပြင်းထန်လာသည်နှင့်အမျှ တပ်သားလိုအပ်ချက်ကြောင့် ကချင်များကိုသာ စစ်သားစုဆောင်းနေပါက လူမှုစီးပွားရေးအခြေအနေတွင် ကချင်နှင့် ကချင်မဟုတ်သည့် လူမျိုးများကြားတွင် ကြီးမားသည့် ကွာဟမှုများဖြစ်ပေါ်လာနိုင်သည်ဟု သူက ဆိုသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ (၉) နယ်မြေဖြစ်သည့် ဖားကန့်မြို့နယ်တွင် ယခင်နှစ် အောက်တိုင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘက်နှင့် အရပ်ဘက်ဒေသခံ အများအပြားသေဆုံးခဲ့ပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ၊ ဖမ်းဆီးနှိပ်စက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် မတ်လ တစ်လအတွင်း ဖားကန့်မြို့နယ်တွင် လက်နက်ကိုင်အဖွဲ့အချင်းချင်းလုပ်ကြံသတ်ဖြတ်မှု၊ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများလုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုများကြောင့် သေဆုံးခဲ့သူ ၁၂ ဦးထက်မနည်း ရှိခဲ့ပြီး ဒေသခံပြည်သူ ၂၀၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

သတင်း – TG

ဓါတ်ပုံ – The 74 Mediaအမျိ

သင့်ထင်မြင်ချက်ရေးပေးပါ